Sunday, February 7, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး မှ ဂျာနယ်ထုတ်ဝေ

ABMA Journal 07-02-2010 Online မှာဖတ်ရတာလည်းလွယ်၊ Print ထုတ်ပြီးဖတ်ရတာလည်းလွယ်အောင် A.B.M.A ဂျာနယ်ကို တလ နှစ်ကြိမ် ဖြင့်ဖြန့်ဝေပေးနေပါပြီ ဖြစ်ကြောင်းသိရပါသည်။
http://allburmamonksalliance.com/
http://allburmamonksalliance.org/

Tuesday, January 26, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ


၂၀ ဇန်န၀ါရီ ၂၀၁၀
ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲပြောပြော
နအဖနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက ပြဿနာဟာ အဓိကဆုံချက်ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ်
အစပိုင်းအဖြစ်အပျက်တွေက အထင်းသားဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့
ပြောနိုင်ပါတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။
အထူးသဖြင့် ရွေးကောက်ပွဲဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားကကိစ္စဟာ ရှေ့တန်းတက်လာလေလေ
ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့နောက်ဆုံးအခြေအနေမှာ ဘောလုံးဟာ
နအဖဘက်ရောက်နေတာပါ။ ရွှေဂုံတိုင်ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဗိုလ်သန်းရွှေထံပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေရှိနေပါတယ်။ ပြည်သူလူထုကလည်း
နအဖဘယ်လိုတုံ့ပြန်မယ်ဆိုတာကို အာရုံစိုက်စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် နအဖဗိုလ်ချုပ်တွေကတော့
ဒီကိစ္စတွေမရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှမရှိလေဟန်၊ ပေယျာလကံပြုနေပါတယ်။
ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ
ဖော်ထုတ်ခဲ့တာကို အားလုံးသတိထားလိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။
တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှမသိရတဲ့ ရသေ့ရှစ်သောင်းဇာတ်တခုဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက
တခြားမီဒီယာတွေထဲမှာပါ ဘယ်သူမှမှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင်ရေးနေတဲ့
သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစားမိပါတယ်။
အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော်အစိုးရ လုပ်တာ တွေအပေါ်မှာ သံသယနဲ့
ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေတင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလလက်ထက်တုန်းက
နားကြားပြင်းကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ
ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဆိုပြီး နေရာတကာမှာလွှင့်နေ၊ ဖွင့်နေတဲ့သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ
အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။
အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ်ပုံချနေကြတာ တွေ့နေရပြန်ပါပြီ။
သူတို့ပြောပုံတခုက တဖက်ကသံသယရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရဘက်က ဒီသံသယတွေ
ပျောက်သွားအောင်လုပ်ဖို့ တာဝန်မရှိဘူးလို့ မျက်စိစုံမှိတ်ငြင်းနေတာဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယရှိနေမှတော့
ငါ့ဘက်ကဘာမှမပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရဖြစ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယရှိနေတဲ့လူတွေကို သံသယပျောက်သွားစေဖို့ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့
မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ကိစ္စတွေကတော့ သိပ်ကိုဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ
မတင်တော့ပါဘူး။
ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…
အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။
ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန်မဟုတ်ပါဘူး။ အစိုးရနဲ့
အမြင်မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ်မိသူတွေကို ဖမ်းဆီးထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည်နိုင်ငံရေးရဲ့
အကြီးမားဆုံးအမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊
နှိပ်စက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝမလျော်ညီတဲ့ ဘာစတီးအကျဉ်းထောင်လို
နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊
စာပေအနုပညာသည် စာရင်းပြုလို့မကုန်၊ ရေတွက်လို့မနိုင်ပါဘူး။
နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေစိစစ်ရေးဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ
စာပေစိစစ်ရေးဆိုတာ စစ် အုပ်ချုပ်မှုနဲ့အတူ ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မတိုင်မီတုန်းကတော့
စစ်အာဏာရှင်စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ဌာနဖွင့်ပြီး စာပေအနုပညာနဲ့
မီဒီယာလောကကို အမှောင်ရိပ်ကနေ မပြတ်စောင့်ကြည့်နေခဲ့ပါ တယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့
ထွက်မလာပါဘူး။ မဆလခေတ်ကျတော့မှ ဗြောင်ရှေ့ကိုခုန်ထွက်လာပြီး စာပေစိစစ်ရေးဆိုတာကြီး
ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေအနုပညာရှင်တွေအပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့
လက်သုံးတော်ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ်ပြောင်းတာ
ဝါသနာပါပါဘိသနဲ့) ဆက်ရှိနေဦးမယ်ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့်အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။
နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့
ဆွေးမျိုးအသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်းပစ်မှာလား၊ အကာအကွယ်ပေးမှာလား။ အခုကတည်းက အစိုးရပိုင်လုပ်ငန်းတွေထဲက
ကောင်းတာတွေကိုရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင်စီးပွားရေးအဆောက်အအုံတွေအောက်ဆွဲထည့်၊
မကောင်းတဲ့လုပ်ငန်းတွေကို ချန်ထားလုပ်နေတာဟာ နောက်တက်မယ့်အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့်အစိုးရကို
ငွေစက္ကူစက်ရုံတခုသာ အကောင်းချန်ထားပေးပြီး မင်းတို့ ဒါနဲပဲလုပ်စားကြပေရော့လို့ ပြောနေတဲ့အလားဖြစ်ပါတယ်။
သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့်အချက်ကလေးတခုက အဲဒီရွေးကောက်ပွဲကြီးပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊
ဘယ်ဥပဒေအထဲမှာမှ တရားဝင်မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ်ရမ်းကားနေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို
ဆက်ကြောက်နေရဦးမယ်၊ အရွေးခံရတဲ့အမတ်ကတောင် ကြောက်နေရဦးမယ်ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူလယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင်လယ်တွေကို
အခမဲ့လုပ်ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ရပ်ဆိုင်းသွားမလား။နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ဖွဲ့ထားတဲ့အစိုးရတရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူးဆိုတဲ့အာမခံချက်ရှိပါသလား ဆိုတာပါပဲ။ မရှိဘူးမဟုတ်ပါလား။
ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကိုအပြောင်းအလဲလို့ ပြောမှာလဲ။ သံသယမဟုတ်ဘူး၊ မယုံတာ။
ရဲဘော်ဖိုးသံချောင်း

ဗမာပြည်နိုင်ငံရေးနဲ့ ရေွး ကောက်ပွဲနှစ်ရဲ့အရေးပါမှု




၁၃ ဇန်န၀ါရီ ၂၀၁၀
အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရတို့ရဲ့ တာဝန်ရှိသူတွေက နအဖရဲ့ ၂ဝ၁ဝ
ရွေးကောက်ပွဲအပေါ်မှာ သံသယရှိကြောင်း ထုတ်ပြော နေကြတုန်းမှာပဲ
နအဖခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဒီနှစ်ထဲမှာ
ရွေးကောက်ပွဲကျင်းပမယ်လို့ သူ့ရဲ့လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲမှာ
ထည့်ပြောသွားပါတယ်။ တဆက်တည်းပဲ ဂျပန် အဆာဟိရှင်ဘွန်း
သတင်းစာမှာလည်း ရွေးကောက်ပွဲကို ဒီနှစ် အောက်တိုဘာ (၁ဝ) ရက်မှာ
လုပ်မယ်လို့ သတင်းပါလာတယ်။ ဗမာပြည်ရဲ့ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးဟာ
ဒါန့ပဲ အစဖွင့်လိုက်တယ်လို့ ဆိုကြပါစို့။
အခု နအဖနဲ့ ရင်ဆိုင်နေရတာကို ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့
ပြောကြတာကို မကြာခဏကြားရပါတယ်။ အနှစ်သာရချင်း မတူပါဘူးထင်ပါတယ်။ နယ်ချဲ့သမားကို
တွန်းလှန်ရတာနဲ့ ကိုယ့်နိုင်ငံသားချင်းကို တွန်းလှန်ရတာ မတူပါဘူး။ ကိုယ့်နိုင်ငံသားချင်း
အကြားမှာဖြစ်ပွားတဲ့ ကိုယ့်နိုင်ငံသားချင်းဖြစ်နေလို့ကို ပဋိပက္ခဟာ ပိုမိုရှုပ်ထွေးပြီး သဘောမပေါက်တာ၊
မျက်စိလည်တာတွေ အများအပြား ဖြစ်ပေါ်တတ်ပါတယ်။ ကိုလိုနီခေတ်တုန်းကတော့
ကိုလိုနီလုပ်ထားတ့နဲိုင်ငံက အင်အားကြီး နိုင်ငံဖြစ်နေတော့ တခြားနိုင်ငံတွေက
ဝင်စွက်ဖက်တာနည်းပါတယ်။ သူတို့ချင်း စစ်ဖြစ်ကာမှဖြစ်ရောပါ။ ဒါပေမယ့် ဒီနေ့လို
အနေအထားမှာကျတော့ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေ များတတ်ပါတယ်။
ဒါပေမယ့် အခုအရေးတော်ပုံမှာ လွတ်လပ်ရေးတိုက်ပွဲတုန်းကလို အမြင်ကြည်လင် ပြတ်သားမှုရှိကြဖို့၊
စည်းလုံးညီညတ်ွကြဖို့ လိုပါတယ်။ အာဏာပလ္လင်ပေါ်မှာ ရာစုနှစ် တဝက်ကျော် အခြေကျနေတဲ့
စစ်အုပ်စုကို ဖယ်ရှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ
ဖိနှိပ်တဲ့အတေ့အွ ကြုံ၊ သပ်လျှိုဖြိုခွဲတဲ့၊ အကြမ်းဖက် ဖြိုခွဲတဲ့ အတွေ့အကြုံတွေ
အင်မတန်ကြွယ်ဝတယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။ တဆက်တည်းမှာပဲ တခြားနိုင်ငံနဲ့
အတိုက်အခံအဖ့အွဲ စည်းတေထွ မှဲာ သူတို့လူတွေ မြှုပ်နှံတဲ့အတွေ့အကြုံလည်း ရာစုနှစ်တဝက်စာ
ရှိတယ်ဆိုတာကို အမြဲနှလုံးသွင်းထား ရမှာပါ။ နောက်ပြီး အင်အား (၅) သိန်းနီးပါးရှိတဲ့ စစ်တပ်ကြီး။
ဒီလိုအင်အားကြီးပြီး လူသတ်တာ လက်ယဉ်နေတဲ့ အစိုးရတရပ်ကို ရင်ဆိုင်ဖို့ဆိုရင် ၁၉၄၆
ခုနှစ်တုန်းကထက်မလျော့တဲ့ လူထု အင်အားမျိုးကို စုစည်းဖို့လိုပါတယ်။ ခေါင်းဆောင်မှုဟာလည်း
၁၉၄၅-၄၆ တုန်းက ဖဆပလအဖြွဲ့ကီးလို သွေးစည်းညီညွတ်ပြီး တောင့်တင်းရပါမယ်။ ဒါ့အပြင်
ဖက်ဆစ်ဂျပန် တော်လှန်ရေးတုန်းကလို လိုအပ်ရင် တိုက်ပွဲသဏ္ဌာန်မျိုးစုံကို ပြောင်းလဲဆင်နွှဲတဲ့
အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက်များလည်း ရှိရပါမယ်။
ဒီ ၂ဝ၁ဝ ခုနှစ်ဟာ ဗမာပြည်အတွက် အရေးကြီးတဲ့ နှစ်တနှစ်ဖြစ်တယ်ဆိုတာကို ဘယ်သူမှမငြင်းပါဘူး။
ဗိုလ်သန်းရွှေတို့ အနေနဲ့ မျိုးဆက်လက်သစ်ကို လက်လွှဲတာလုပ်မလား၊ လုပ်ရင်ကော
ရှောရှောရှူရှူဖြစ်ပါ့မလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖစီစဉ်တဲ့အတိုင်း လက်မခံသေးတဲ့
အပစ်ရပ်အဖ့ွေဲ တကွို ဘယ်လိုဖြေရှင်းမလဲ၊ ဗိုလ်ချုပ်တွေမှာ “အပြတ်” ကိုင်ဖို့ အင်အား ရှိနေပြီလား။
အမေရိကန်နဲ့ ရွှေလမ်းငေလွ မ်းဖောက်တာ အောင်မြင်မလား၊ အောင်မြင်သွားရင် တရုတ်ပြည်က
ဘယ်လိုခြေလှမ်းမျိုး လှမ်းလေမလဲ။ အနေဆင်းရဲ၊ အသေဆင်းရဲဖြစ်နေကြတဲ့
ရဟန်းရှင်လူပြည်သူအပေါင်းကရော ဘာလုပ်ကြ မလဲ။ တလောကဖြစ်ပေါ်လိုက်တဲ့ သပိတ်မျိုးတွေကနေ
သပိတ်ကြီးတွေ ပေါ်လာမလား။ အချိန်ပေးပြီး ထိုင်စိတ်ကူးယဉ် နေရင်တောင်
အတော်အတွေးနယ်ချဲ့လို့ကောင်းတဲ့ အနေအထားတွေဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်သူမှ စိတ်ကူးယဉ်နေလို့မရတဲ့ ၂ဝ၁ဝ ခုနှစ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ နအဖအဖို့ ဗမာပြည်မှာ
ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီတည်ရှိနေတဲ့ ဒုတိယမြောက်စစ်အာဏာရှင်စနစ်
ဖြစ်ဖို့လုပ်ရတာဖြစ်ပါတယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို ရေရှည်ထိန်းသိမ်းသွားရေးနဲ့
တိုက်ရိုက်ဆက်စပ်နေတဲ့ သမိုင်းဝင်အကွေ့အပြောင်းဖြစ်ပါတယ်။ အကွေ့မတော်ရင် အာဏာသိမ်းပွဲ
တွေတောင် ဖြစ်လာနိုင်တဲ့အဆင့်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင်လည်း ခေါင်းဆောင်မှု
ပြန်လည်ဖ့စွဲ ည်းတဲ့ အချိန်မှာ နအဖရဲ့ အဆိုးဝါးဆုံးဖိနှိပ်ခံရနိုင်တဲ့ကိန်းနဲ့ ရင်ဆိုင်နေရပါတယ်။
တကယ့်ကို အစမ်းသပ်ခံရမယ့် နှစ်ပါ။ အပစ်ရပ်အဖွဲ့တွေ အတွက်ကတော့ အထူးပြောစရာမလိုပါဘူး။
ကိုးကန့်ကံကြမ္မာအတိုင်းဖြစ်မလား၊ ကျားပေါ်ခွစီးထားရာ ကနေ အောက်ကို ဆင်းတော့မလားဆိုတာကို
ရင်ဆိုင်ရပါတော့မယ်။ နောက်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူဌေးဖြစ် ဖြစ်ကြဲဖို့
ပြင်ဆင်ထားကြသူတွေဆိုရင်လည်း သူတို့ရဲ့ဘဝတခုလုံး ပုံအောထားတာတွေ
အဖြေထွက်မှာဖြစ်ပါတယ်။
ဒီတော့ နအဖအနေနဲ့ ဒီနှစ်ထဲ၊ ဒီတပွဲမှာ အကြမ်းအနု၊ အပစ်အခတ် အညစ်အပတ်တွေနဲ့
ချဲတော့မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကမူးရှူးထိုးလုပ်တာ၊ ရှက်ရမ်းရမ်းတာတွေကိုတောင်
ကြုံရကောင်းကြုံရနိုင်ပါတယ်။ သူတို့ မြှုပ်ထားတဲ့ အင်အားတွေကို ထုတ်သုံးတာ၊ ထိုးကျွေးတာတွေလည်း
လုပ်လာနိုင်ပါတယ်။ တနည်းပြောရရင် သူတို့လည်း ဒီတပွဲမှာ ပုံအောလာနိုင်ပါတယ်။ ဒါကို
ရင်ဆိုင်တ့အဲ ခါမှာ အတိုက်အခံတွေဟာ နအဖစစ်အာဏာရှင်တွေကို စက္ကူကျားလို့ မြင်နိုင်ဖို့
သိပ်အရေးကြီးပါတယ်။ စက္ကူကျားလို့ ဆိုလိုက်တော့ ဒီအသုံးအနှုန်းကို ထပ်ပြန်တလဲလဲကြားဖူးနေတာမို့
နှာခေါင်းရှုံ့ကောင်း ရှုံ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုသေနင်္ဂဗျူဟာအမြင်၊ ရေရှည်အမြင်မရှိရင်
နအဖစစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရကို ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။ အခုတတိယအင်အားလို့
ကိုယ့်ကိုယ်ကိုယ် ပြောနေသူတွေနဲ့ နအဖအတွက် ရှေ့နေလိုက်
သဘောတရား ထုတ်ပေးနေသူတွေအထဲက အများစုကြီးဟာ တချိန်က
နအဖကို ဆန့်ကျင်တဲ့အင်အားစုတွေ၊ လှုပ်ရှားမှုတွေထဲမှာ
ပါဝင်ခဲ့ဖူးတယ်ဆိုတာ မှတ်မိကြပါလိမ့်မယ်။ ဒါပေမယ့်
တိုက်ပွဲအချိန်ကြာလာတော့ သူတို့ဟာ နအဖစစ်အုပ်စုကို စက္ကူကျားလို့
မမြင်တော့ဘဲ တကယ့်ကျားကြီးလို့ မြင်လာ၊ ရွံ့လာကြပါတယ်။ ဒီလိုနဲ့ နအဖကို ဆန့်ကျင်လို့
မရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုချပြီး ရပ်တည်ချက်ပြောင်းသွားကြတာဖြစ်ပါတယ်။ ဒါကြောင့်
စက္ကူကျားလို့ ကြည့်မြင်တယ် ဆိုတာဟာ အခြေခံရပ်တည်ချက်ပြဿနာဖြစ်ပါတယ်။
ကိုယ့်ထက်အဆမတန် အင်အားကြီးတဲ့ စစ်အုပ်စုကို ရေရှည်ရင်ဆိုင် တိုက်ပွဲဝင်ဖို့အတွက်
အခြေခံလိုအပ်ချက်လည်းဖြစ်ပါတယ်။
စက္ကူကျားလို့ မြင်တယ်ဆိုတာနဲ့ တချိန်တည်းမှာ လက်တွေ့လုပ်ငန်းတွေကို အင်မတန်
အလေးအနက်ထား၊ အစီအစဉ်ရှိရှိနဲ့ ချမှတ်လုပ်ကိုင်သွားဖို့ လိုပါတယ်။ ဗမာပြည်က
စစ်အာဏာရှင်စနစ်ဟာ သူ့အလိုလိုပျောက်ပျယ်သွားမယ်လို့ စဉ်းစားလို့ လုံးဝ မဖြစ်ပါဘူး။ သူ့အင်အားနဲ့
ကိုယ့်အင်အားကို တွက်ချက်ပြီး လုပ်ငန်းတွေ သင့်တော်သလို ချမှတ်တတ်ဖို့လိုပါတယ်။ နောက်
တချက်ပြောသင့်တာက တော်လှန်ရေးလုပ်တယ်ဆိုတာ ဆန်စင်ရာကျည်ပွေ့လိုက်၊ မီးစင်ကြည့်ကနေလို့
မဖြစ်ဘူးဆိုတာပါပဲ။ မှန်ပါတယ်။ လောလောဆယ်ပေါ်လာတဲ့ကိစ္စတွေကို ရင်ဆိုင်တာ၊ ဖြေရှင်းတာတွေ
လုပ်ရပါတယ်။ ဒါပေမယ့် အဲဒါတွေက အဓိကလုပ်ငန်းဖြစ်မသွားဖို့၊ အဓိကလုပ်ငန်းကို ဖုံးလွှမ်းမသွားဖို့
သိပ်အရေးကြီးပါတယ်။
ဒီနည်းပရိယာယ်လုပ်ငန်းဟာ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းတဲ့အလျောက်
သွက်သွက်လက်လက် လိုက်ပြောင်း နိုင်ဖို့လည်း အရေးကြီပါတယ်။ ဗမာပြည်လွတ်လပ်ရေးအတွက်
လုပ်ကြတယ်ဆိုရာမှာ ၁၃ဝဝ ပြည့်သပိတ်ကြီးလိုဟာကနေ ဂျပန်ဖက်ဆစ်ကို လက်နက်ကိုင်
တော်လှန်ခဲ့တာ၊ တခါ အဲဒီလက်နက်တွေကိုစွန့်ပြီး ၁၉၄၆ ခုနှစ် သပိတ်ကြီးဆင်နွှဲတာ၊ အချိန်မရေွး
လက်နက်ကိုင်တိုက်နိုင်ကြောင်း အင်္ဂလိပ်တွေကို သတိပေးနေတာ စသဖြင့် အမျိုးအစားလုံးဝမတူတဲ့
တိုက်ပွဲသဏ္ဌာန်တွေကို ဆင်နွှဲခြဲ့ကလို့ အောင်ပွဲခံခဲ့ကြတာပါ။
လက်ရှိနိုင်ငံတကာအခြေအနေဟာ ဗမာပြည်သူတွေရဲ့ အရေးတော်ပုံအတွက်
အကောင်းကြီးမဟုတ်ပေမယ့် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ တကယ်လို့ နအဖသာ လိမ့်လိမ့်လဲလဲဖြစ်ရင်
ဘယ်နိုင်ငံကမှ လာကယ်မှာမဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်အင် ကိုယ့်အားနဲ့ လုပ်နိုင်ရင်
ဘယ်သူကမှ ပြောမှာမဟုတ်ပါဘူး။ စွက်ဖက်မှာလည်းမဟုတ်ပါဘူး။ တခုပဲ။ နိုင်ငံတကာ
အချက်အလက်ကို အသုံးချဖို့ ချဉ်းကပ်တာပဲ ဖြစ်သင့်ပါတယ်။ ဂျပန်တွေဝင်လာတုန်းက
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို ပြောတဲ့စကားကို မမေ့ကြဖို့ လိုပါတယ်။
ဂျပန်တွေ ၀င်လာတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို ပြောတဲ့
“ဟေ့အောင်ဆန်း၊ မင်းပင့်လာတ့ဘဲုရားကို မင်းပြန်ခေါ်သွားနော်” ဆိုတဲ့ စကားကို မမေ့ကြဖို့ လိုပါတယ်။
ရဲဘော်ဖိုးသံချောင်း

Saturday, January 23, 2010

ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်

ဓမ္မဃောသက | ဗမာနိုင်ငံလွတ်လပ်ရေးရခဲ့သည့် အချိန်မှာ ဗိုလ်ချုပ် မရှိတော့သော်လည်း ထိုကဲ့သို့ ဗမာတနိုင်ငံလုံး လွတ်လပ်ရေးရရှိစေနိုင်ရန် ရဲဘော်သုံးကျိပ် ကိုဦးဆောင်၍ လက်ရုံးရည်ဖြင့် တိုက်ခိုက်ခဲ့ရုံမက ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်နဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တပြည်လုံးညီညွတ်ကြောင်းပြဆိုနိုင်သည့် ပင်လုံစာချုပ်ချုပ် ဆို၍ နှလုံးရည်စွမ်းဖြင့် ကြိုးပမ်းခဲ့သောကြာင့်သာ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်၊နံနက် ၄နာရီ မိနစ် ၂၀ တွင် ဗမာနိုင်ငံ လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။

ယတော စ ခေါ သာရပုတ္တ သံဃော ရတ္တညုမဟတ္တံ ပတ္တော ဟောတိ အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ=သာရိပုတြာ သံဃာသည်ညဥ့်အများကို သိသော (၀ါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ဟူသော ဘုရားစကားတော်အတိုင်း လွတ်လပ်ရေးရခါစဖြစ်သည့် ဗမာပြည်မှာ မညီ ညွတ်သော ဝါရင့်နိုင်ငံရေးသမား အများအပြား ရှိနေကြခြင်းကြောင့်ပင် မဖြစ် သင့်သည်များ တိုင်းပြည်မှာ ဖြစ်ခဲ့ ရသည်ဟုပင် ဆိုရတော့မလိုဖြစ်သည်။

“အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ ဒီ(ဖက်ဆစ်)ဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေး ဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာလွှမ်းမိုးရမယ် ဆိုတဲ့ စစ်ဘက်အာဏာရှင်စနစ် သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဝါဒ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည် သားဆန္ဒအရမဟုတ်ပဲ တိုင်းသူပြည်သားတွေနှင့်ကင်းကွာပြီး မင်းစိတ်ပေါက် တဲ့ အရာရှိတွေ စနစ်ဆိုးတမျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင် ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။

ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကို သာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ဗမာပြည် က လူတွေဟာလဲ နစ်နာမယ်၊ ကျွန်တော်တို့ပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နှင့်ဂျာမဏီ ဝိုင်းအနှိမ်ခံရသလို အနှိမ်ခံရမယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်၊ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။

ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။

ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုးမဟုတ်ပဲနှင့် အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုးဖြစ်ရ မယ်၊ အဖွဲ့ရဲ့ဆန္ဒ မဟုတ်ပဲ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမ ဟုတ်ပဲ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှု မျိုး ဖြစ်ရမယ်။လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်းသေး သိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ တခြား လူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်း ချင်း သင့်မြတ်စွာ တဦးအကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူ မျိုးရေးတရားမျိုးလဲ ဖြစ်ရမယ်၊ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ် ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုးမရှိရ အောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ် ခွင့်နှင့် စီတန်းလမ်းလျောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ် လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အ နှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေ ထိုင်ခြင်းကို မတရားသဖြင့် နှောက်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်းပညာ သင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါး အကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွား ချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမား လယ်သမားများ၏ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစု တိုင်းရင်းသားများ၏ အနည်းဆုံးအခွင့်အရေးများကို အစိုးရကစောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှု အတိုင်းဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက်လျော်-ကြေးရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍၎င်း၊နာဖျား၍၎င်း ထိခိုက်နာကျင်၍၎င်း၊အလုပ်လုပ်ချင်သော်လဲ အလုပ်မရနိုင်၍သော်၎င်း အသက်မွေးဝမ်း ကြောင်း မပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့် ဒီမိုကရေစီ အခွင့်အရေးတွေလဲ ရှိရမယ်။

အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒတွေရဲ့ အခြေခံတွေပဲ လို့ ယူဆတယ်၊ ဒီလို အခြေခံ တရားတွေကို ရည်ရွယ်ရင်းရှိတဲ့ အဖွဲ့အစည်း ဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်းစတဲ့ နည်းစနစ်မျိုးသာ သုံးရပေလိမ့်မယ်။

အခုစစ်ကြီးလဲပြီးသွားပြီ တိုက်ခိုက်မှုတွေဟာလဲ မကြာခင်ပြီးဆုံး-တော့မှာပဲ။ သို့သော်လည်း ကျွန်တော်တို့ ဗမာပြည်ရဲ့အရေးက မပြီးသေးဘူး၊ ကျွန်တော်တို့ဗမာပြည်ရဲ့အရေးဟာ ဗမာပြည်သူ ပြည်သားတွေ ၊ခေါင်းဆောင်မဲ့လူတွေ၊ ညီညွတ်စွာနှင့်လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနှင့် ပြီးမြောက်နိုင်မယ်လို့ကျွန်တော် ယုံကြည်တယ်၊ ကျွန်တော်ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။

ဒါကြောင့် တိုင်းပြည်မှာ ညီညွတ်ရေးဟာ အခုအဓိကလုပ်ငန်းပဲ။ ညီညွတ်ရေး ဆိုပေမယ့် တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ် ရေးမျိုးကိုသာ ဆိုလိုပါတယ်၊ ရာထူးဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တက်ရုံလောက် တက်နိုင်အောင် ညီညွတ်ရေးမျိုး ဆိုရင်တော့ ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး။”

ဤစကားများကို ဗိုလ်ချုပ်သည် စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်း-ဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်းပါ ရှေ့ဆက်ရမည့် မူဝါဒဆိုင်ရာစကားများ ဖြစ်သည်။ထို မူကိုအဓိကထား၍ “ညီညွတ်ရေး ဆိုပေမယ့် တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်” ဟူသော စကားအတိုင်း ညီညွတ်စွာ မဆောင်ရွက်နိုင်ခဲ့ကြခြင်း၊ (ဒီသဘောမျိုးစကားကို ကျွန်တော့အဖိုး ကို ပြောဖူးပါသည် ထိုအခါ ဗိုလ်ချုပ်မရှိတဲ့ နောက်ပိုင်း တိုင်းပြည် လွတ်လပ်ရေးရပြီးတော့ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ထူထောင်ရေး အတွက် ငါတို့ နည်းမျိုးစုံနဲ့လုပ်ခဲ့တာပေါ့ကွ၊ ဒါပေမယ့် ဒီနေဝင်း မွှေလို့ တိုင်းပြည်ကြေ ရတာကွ လို့တုံ့ပြန်တော့ ဒါဆို တိုင်းပြည်ကြေအောင် လုပ်တဲ့အထဲမှာ အဖိုး လဲပါတာပေါ့ ဆိုတော့ ဘာကွ ဆိုပြီး ထအော်တော့… ဟုတ်တယ်လေအဖိုးလဲ သူပေးတဲ့ရာထူးယူပြီး သူခိုင်းတာလုပ်ခဲ့တာပဲဆိုတော့မှ အေး… ဆိုပြီး အဝေးကိုငေးပြီး တွေးနေတော့တာကြုံဖူးထားလို့)

ဆောင်ရွက်ခဲ့သည်ဆိုလျှင်လဲ “ရာထူးဝေစားရုံသာဖြစ်တဲ့ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တက်ရုံလောက် တက်နိုင်အောင် ညီညွတ်ရေးမျိုး” ပင်ဖြစ်ခဲ့ကြ၍ ဗိုလ်ချုပ်ပြောခဲ့သည့် “ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး” ဟူသောစကားနှင့်ကိုက်ညီရုံမက နည်းမျိုးစုံဖြင့် ပျက်စီးခဲ့ပါသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာအမှူးပြုသော ရဟန်းငါးရာကို မြတ်ဗုဒ္ဓက ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော သော မမစ္စယေန သတ္ထာ= ချစ်သားအာနန္ဒာ သင်တို့ အတွက် ကျင့်ရန်တရားနည်းလမ်း၊ လိုက်နာရန် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ဖော်ချမှတ်ခဲ့ပြီးဖြစ်တယ်၊ အဲဒီတရားနည်းလမ်းစည်းမျဉ်းစည်းကမ်းတွေဟာ ငါမရှိတဲ့အခါ သင်တို့ရဲ့ ဆရာပါပဲ ဟု ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာ-မိ ဝေါ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ဟူသော နောက်ဆုံးစကား မပြောမီလေးမှာ အတိအကျညွှန်ပြခဲ့လေသည့်အားလျှော်စွာ ကျန်ရစ်ခဲ့ကြ သောတပည့်သား သံဃာတော်တို့လည်း တရားနည်းလမ်းစည်းမျဉ်း စည်းကမ်းတို့ကို ဆရာထားကာ ကျင့်ကြံတော်မူခဲ့ ကြရင်း ဓမ္မဥှိ ဝက္ကလိ ပဿန္တော မံ ပဿတိ၊ မံ ပဿန္တော ဓမ္မံ ပဿတိ= ဝက္ကလိ အမှန်တကယ် ငါ့တရား ကို မြင်တဲ့သူဟာ ငါဘုရားကို ဖူးမြင်ရ တယ်၊ငါဘုရားကို ဖူးမြင်ရသူဟာလဲ ငါ့တရားကိုမြင်ရတယ် ဟူသော စကားတော်အတိုင်း ကျင့်ရမည့်တရားနည်း လမ်း စည်းမျဉ်းစည်းကမ်းကိုမြင် တိုင်း ဘုရားရှင်ကိုဖူးမြင်လိုက်ရ၊ အဲသလို ဘုရားရှင်ကို ဖူးမြင်လိုက်ရပြန်တော့ ဘုရားဟောခဲ့တဲ့ ကျင့်ရမည့်တရားနည်း လမ်း စည်းမျဉ်းစည်းကမ်းတွေ ကို ပြန်မြင် ဒီလိုနည်းနဲ့လာခဲ့ကြတာ ဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တာ နှစ်ပေါင်း ၂၅၅၀ ကျော်ခဲ့သည့်တိုင်အောင် မပျောက်ပျက်ရုံ မကကမ္ဘာအနှံ့တောင်ပြန့်ခဲ့တာ ဗုဒ္ဓဘာသာဗမာနိုင်ငံသား အားလုံးအသိပင်ဖြစ်သည်။ ထိုသို့ ဗုဒ္ဓသာသနာ အဓွန့်ရှည်ကြာ တည်တန့် တိုးတက် ပြန့်ပွားရ ခြင်း၏ အဓိက အကြောင်းရင်းမှာ ဗုဒ္ဓဘာသာကို တည်ထောင်သူ ဟုခေါ် ဆိုနိုင်သည့် ဗုဒ္ဓမြတ်စွာ ချမှတ်တော်မူခဲ့သော မူအဓိကစနစ်ကြောင့်ဖြစ်သည်။

မူအဓိကစနစ်ဖြင့် လည်ပတ်လာခဲ့သောကြောင့် ခေတ်အဆက် ဆက် ဦးဆောင် သံဃာတော်များပြောင်းလဲသွားကြပေမဲ့ ဗုဒ္ဓသာသနာတော် သည် ဆက်လက်တည်တန့် ပြန့်ပွားနေခဲ့ခြင်းဖြစ်ရကား တိုင်းပြည် ယနေ့ အခြေမျိုးဆိုက်ခဲ့ခြင်းမှာ ဘုရားရှင်မူချမှတ်ခဲ့သ လို လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ချမှတ်ခဲ့သော မူ ကိုအဓိကမထားပဲ လူအဓိကစနစ် ကျင့်သုံးခဲ့သောကြောင့်ပင်ဖြစ်သည်။

လူ အဓိကစနစ်တွင် ဗုဒ္ဓတရားတော်အရ လူသည်ဘဝစသည်ဆိုတာနဲ့ ဘဝနိကန္တကလို့ခေါ်တဲ့ လောဘဇောနဲ့ စခဲ့ကြတော့ ရာထူးအာဏာစည်းစိမ် အသပြာတွေမှာ နိကန္တိဖြစ်ပြီး ဒါတွေကိုဖန်းတီးပေးသူအလိုကျ ဖြစ်ကုန်ပြီး မဖြစ်သင့် တာတွေ ဖြစ်ခဲ့တာပါပဲ။ ကျွန်တော့အဖိုးပြောသလို ဒီနေဝင်းမွှေလို့တိုင်းပြည်အခုလိုကြေခဲ့ရတာ ဆိုလျှင် နေဝင်းတယောက်ထဲဒီလောက် မမွှေနိုင်အနီးကပ်ဆုံး အောင်ကြီးမှ စ၍အဆီအသား ကနေ အရိုးအရင်းရာထူးတွေပါ ညီညွတ်စွာဝေစားခဲ့သူတွေ ကြောင့်ပါအောင်ကြီးဆိုတာလဲ နေ၀င်းလို တ႟ုတ်-မြန်မာမိသားစုမှ ဆင်းသက်ခဲ့တဲ့- ပေါင်းတည်သားဖြစ်သည်၊ ဒုတိယကမ္တာစစ် မတိုင်မီ မြန်မာနိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲပြီး ၁၉၄၅ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ မြစ်ဝကျွန်းပေါ်နှင့် ဖျာပုံခရိုင်အတွင်း ဗိုလ်နေဝင်း၏ လကရုံးအရာရှိတဦးအဖြစ် ပါဝင်လုပ်ကိုင် လာခဲ့သည်။ ထို့နောက် လွတ်လပ်ရေး ရအံ့ဆဲဆဲ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းလိုက်သောအခါ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဗိုလ်နေဝင်း၏ လက်အောက် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ခုနှစ်တွင် ဆိုရှယ်လစ်ပါတီ၏ စည်းရုံးရေးမှူးဖြစ်ခဲ့ပြီး ၁၉၅၈-၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖွဲ့တွင် အဓိကနေရာများကိုရခဲ့သည်။ ၁၉၆၂ခုနှစ်တွင် တော်လှနန်းရေးကောင်စီဝင်ဖြစ်လာပြီး ဒုကာကွယ်ရေး စစ်ဦးစီးချုပ်၊ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။

အခုလည်းသန်းရွှေ တယောက်ထဲဘာလုပ်နိုင်မှာလဲ အဆီအသား ကနေ အရိုးအရင်း ရာထူး အာဏာ လုပ်ပိုင်ခွင့်တွေခွဲဝေ ယူနေကြတဲ့ ဗိုလ်ရှုတ်တွေကနေ ဆယ်အိမ်ရူး လမ်းမူးတွေအထိ မတရားညီညွတ်နေကြ ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော ရဟန်းရှင်လူပြည်သူတရပ်လုံးသည် ဗိုလ်ချုပ်ကိုကြည်ညိုလေးစား အရေးထားမယ်ဆိုရင် ပြည်ထောင်စုရဲ့ကျေးဇူး ရှင် ဗိုလ်ချုပ်တို့ဖခင် ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ဟူသော ကဗျာလို ဗိုလ်ချုပ်စကားကိုမမေ့ပဲ ဗိုလ်ချုပ်ကိုသတိရကာဗိုလ်ချုပ်ချမှတ်ခဲ့-သော အထက်ပါမူနဲ့ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ညီညွတ်ရေးမျိုးရှိ-အောင် သိအောင်နဲ့လုပ်ဆောင်ကြမှသာ ကျွန်တော်တို့ဗမာနိုင်ငံသားအားလုံး ကမ္ဘာမှာလူသားအဆင့် နဲ့ လူ့အခွင့်အရေးတန်းတူညီမျှ ရရှိကြပေတော့မည်။

မရှိတာထက် မသိတာခက်တယ် (ရှိပါလျက်နဲ့ မသိတာပိုခက်တယ်)

မသိတာထက် မလုပ်တာခက်တယ် (သိပါလျက်နဲ့ မလုပ်တာပိုခက်တယ်)

ဓမ္မဃောသက

Tuesday, January 19, 2010

၂၀၁၀တွင် ပြုလုပ်မှာ ရွေးကောက်ပွဲ မဟုတ်ပါ

မောင်ပြုပြင် | အာဏာရူး သန်းရွှေနဲ့ စစ်အုပ်စုအကြောင်းကိုတော့ ကျနော့်အနေနဲ့ အထူးရေးပြနေစရာ မလိုဘူး လို့ထင်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော် အာဏာကို မတရားသိမ်းယူပြီးကထဲက လိမ်နည်းမျိုးစုံ ညစ် နည်းမျိုးစုံ မသမာမှု ရက်စက်မှု မျိုးစုံကို ပြည်သူအများ မျက်ဝါးထင်ထင် တွေ့မြင်ထားကြပြီး ဖြစ်နေလို့ပါပဲခင်ဗျာ။

အခုလည်း သန်းရွှေနဲ့ စစ်အုပ်စုဟာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းပေးဖို့ဆိုပြီး တရားမဝင်တဲ့ သူတွေနဲ့ နိုင်ငံတော်ကို အုပ်ချုပ်သွားမယ့် (2008) ခုနှစ် တရားမဝင် အခြေခံ ဥပဒေ ဆိုတာကြီးကို တရားဝင်ဖြစ်အောင် ဆိုပြီးတော့ တတိုင်းပြည်လုံးနီးပါး ထောက်ခံကြလို့ တရားဝင်သွားပါပြီလို့ လျှောက်ပြောနေသေးရဲ့။ တော်တော်ကြီးကို ရူးသွပ်တဲ့ လူတွေပါပဲခင်ဗျာ။ အဲဒီလို ဥပဒေမျိုး ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိပါဘူးလို့ အားလုံးက ဝိုင်းပြောပြကြပေမဲ့ သူတို့က တော့ ခပ်တည်တည်ပဲခင်ဗျ။ မရှက်တတ်ကြပုံများ အံ့ရောဗျာ။ အခုထပ်ပြီး ဆိုးနေတာက စက္ကူ စုတ် လောက်တောင် တန်ဘိုးမရှိတဲ့ ဥပဒေဆိုတာကြီးနဲ့ မြန်မာနိုင်ငံတော်ကြီးကို အုပ်ချုပ်ကြဖို့အတွက် (2010)မှာ ရွေးကောက်ပွဲဆိုတာကြီးကို ဆက်လုပ်သွားကြဦးမှာတဲ့။ ဒီကြားထဲ ဘာမသိ ညာမသိနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ သူတွေကလည်း ရှိနေသေးတယ်ခင်ဗျ။

အမတ်ဖြစ်မှ “မင်းက ထမင်းချက်အမတ်” “မင်းက သန့်ရှင်းရေး မိလ္လာအမတ်” “မင်းက တံခါးစောင့် အမတ်” ဆိုပြီး ဘယ်နိုင်ငံနှင့်မှ မတူတဲ့ အမတ်တွေ ဖြစ်သွားရင် မခက်ဘူးလားဗျာ။ နည်နည်းလေး ဣနြေ္ဒဆည်ပြီး နေကြဖို့ ကောင်းပါတယ်။

တကယ်တော့ (2010) မှာ သူတို့စစ်အုပ်စု လုပ်ပေးမှာက ရွေးကောက်ပွဲ မဟုတ်ဘူးခင်ဗျ၊ လှုပ်စိ လှုပ်စိနဲ့ အက်ကွဲစ ပြုနေပြီဖြစ်တဲ့ စစ်တပ်ကြီး မပြိုကွဲရေးကွဲရေးနဲ့ စစ်တပ်က အနားယူတော့မယ့် သူ တို့ နအဖ စစ်ခေါင်းဆောင် ကောင်းကြီးတွေရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်ခင်ဗျာ့။

ကျနော် ရှင်းပြပါဦးမယ်ခင်ဗျ။ စစ်တပ်ထဲမှာ ရာထူးကြီးကြီးနဲ့ သန်းရွှေရဲ့ စစ်ခွေးကြီးတွေဆိုရင် တိုက်တွေဆောက် ကားအကောင်းစားကြီးတွေစီး ကုမ္ပဏီကြီးတွေထောင် နိုင်ငံတကာက ဘဏ်တွေမှာ ဒေါ်လာတွေအပ်နဲ့ စမတ်ကိုကျနေကြတာပေါ့ခင်ဗျာ။ အောက်လက်ငယ်သားများနဲ့ စစ်ဗိုလ်ငယ်များမှာတော့ တပ်ရင်းမှူး မဖြစ်သေးသရွေ့ ကိုယ်ပိုင် တပ်ကလဲ မရှိ၊ ဟိုချောင်အထိုးခံထားရ၊ ဒီချောင်အထိုးခံ ထားရနဲ့ သူတို့ခင်မျာ ရတဲ့ လခ ကလည်း မလောက်မင နဲ့ဆိုတော့ သေနတ်မောင်းပေါ် လက်ချောင်း တွေ ရောက်ကုန်ပြီခင်ဗျ။
အထက်တွန်း အောက်ဖိ ကြီးနိုင် ငယ်ညှင်း စနစ်ရဲ့ ဝဲဂယက်ထဲမှာ ရဲဘော်လေးတွေဟာ သနားစရာ တော်တော်ကောင်းလှပါရဲ့၊ ဒီထက်ပို ပြောရရင် ရဲဘော်လေးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားမှာ စိုး တာကြောင့် ဒီလောက်ပဲ ပြောပါရစေတော့ခင်ဗျာ။ အဲဒါကြောင့် စစ်တပ် မပြိုကွဲရေး ကိစ္စကို ဦးစားပေး လုပ်ရတော့မှာ ဖြစ်တယ်ခင်ဗျ။ စစ်တပ်ဆိုတာ ခံနိုင်ရည်ရှိပါတယ်လို့ ဘယ်လောက်ပဲ ပြောပြော အနှစ် (20) ကျော်လုံးလုံး ဖိနှိပ်အုပ်ချုပ်ခံထားရတာကြီးကို စစ်တပ်ကြီးလည်း မခံနိုင်တော့ဘူးခင်ဗျ။ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကလည်း မကြာသေးမီ အချိန်လေးကပဲ သင်ခန်းစာပေးသွားတာ ရှိတယ် မဟုတ်ပါလားခင်ဗျာ။

စစ်တပ်က အနားယူတော့မယ့် သန်းရွှေနဲ့ အကောင်းစားကြီးတွေ တစုအတွက် လုံခြုံရေးကလည်း ထိပ်တန်းဦးစားပေး အဆင့်ထဲမှာ ပါတာပေါ့ခင်ဗျာ။ နိုင်ငံတကာက တိုင်းပြည် ခေါင်းဆောင်ကြီးတွေ များ အနားယူသွားပြီဆိုရင် မိသားစုတွေနဲ့ အေးအေးချမ်းချမ်း နေသွားကြတယ်လို့ပဲ ကြားဖူးတယ်ခင်ဗျ။ သူတို့ကျမှ ပင်စင်ယူသွားတာတောင် လုံခြုံရေးက ယူထားပေးရဦးမှာခင်ဗျ။ သူတို့ အခြေနေကို သူ တို့ သိနေတယ်ပေါ့ဗျာ။ ပြည်သူတွေကလဲ စစ်ခေါင်းဆောင်ကြီးတွေကို ချစ်ကြပါတယ်။ သေသွားရင် တောင် အရိုးကိုဖေါ်ပြီး ငရုပ်ဆုံထဲ ထည့်ပြီး ငရုပ်ကျည်ပွေ့နဲ့ ပူဇော်ချင်ကြတာခင်ဗျ။

2010 ရွေးကောက်ပွဲဆိုတာကြီးကို ခုတုံးလုပ်ပြီး သူတို့ လုပ်မယ့်ပုံက ဒီလို ရှိတယ်ခင်ဗျ။ 2008 ခုနှစ် အခြေခံ ဥပဒေဆိုတာကြီးအတိုင်း တက်လာမယ့် စစ်ခေါင်းဆောင်တွေ လက်ထဲကို သန်းရွှေ အာ ဏာအပ်ပါလိမ့်မယ်။ သူ့ရဲ့ စိတ်အချရဆုံး တပည့်ကြီးတွေပေါ့ခင်ဗျာ။ သူရဲ့ တပည့်ကောင်းကြီးတွေ လက်ထက်ကျမှ တပ်တွင်း ပြုပြင် ပြောင်းလဲရေးနဲ့ အဓိက အကျဆုံးဖြစ်တဲ့ သက်သာချောင်ချိရေး ကိစ္စတွေကို ဦးစားပေး လုပ်ခိုင်းလိမ့်မယ်ခင်ဗျ။ အဲဒါမှ အောက်လက်ငယ်သားတွေက သူ့တပည့်ကြီးတွေကို ကြည်ညို အားကိုးလာပြီး ခေါင်းဆောင်ကောင်းကြီးတွေလို့ မြင်လာမှာပေါ့ခင်ဗျ။

အဲဒီလို အမြင်ပြောင်းသွားမှ တပ်တွင်း မငြိမ်သက်မှုတွေနဲ့ တပ်ကွဲမယ့် ကိစ္စတွေကို ထိမ်းချုပ်ပြီးသား ဖြစ်သွားလိမ့်မှာပေါ့။ သန်းရွှေနဲ့ အတူ အနားယူတော့မယ့် အဖွဲ့ကိုလည်းပဲ တပည့်ကြီးများရဲ့ (လုပ်ယူ ထားတဲ့) ဘုန်းရိပ် ကံရိပ်နဲ့ ကွယ်ထားလိုက်ခြင်းအားဖြင့် သန်းရွှေနဲ့ အပေါင်းပါတစုတို့ရဲ့ ကဏ္ဍတခုကို အဆုံးသတ်သွားမှာ ဖြစ်ကြောင်းပါခင်ဗျာ။

နအဖ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ကြတယ်လို့ တချို့က ပြောကြသေးတယ်ခင်ဗျ။ ကျနော့် အမြင်တော့ မကြောက်ရေးချ မကြောက်ပါခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် မကလို့ ကုလသမဂ္ဂ တို့ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေ လုံခြုံရေးကောင်စီကိုပါ မကြောက်ဘူးခင်ဗျ။ ဘာ့ကြောင့် လဲ ဆိုတော့ တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကြောင့်ပါပဲ။ အနှစ် (20) ကျော်လုံးလုံး ဘယ်သူတွေ ဘာပဲ ပြောပြော သူတို့လုပ်ချင်ရာ လုပ်ခဲ့တာ သက်သေပဲ မဟုတ်ပါလားခင်ဗျာ။

သန်းရွှေလဲ လူသားပေမို့ သူလဲ ကြောက်တတ်တာပေါ့လေ။ သူအကြောက်ဆုံးကတော့ သူမွေးထားတဲ့ ခွေးတွေ သူ့ပြန်ကိုက်မှာကိုပဲခင်ဗျ။ အဲဒါကြောင့် 2010 -ရွေးကောက်ပွဲဆိုတာ အမည်တခု အ နေနဲ့ တပ်ထားတာကြီးပါခင်ဗျာ။ အမှန်အကန် မဟုတ်ပါဘူး။ အကြံအဖန်ကြီးသာ ဖြစ်ပါတယ် ဆိုတဲ့ အ ကြောင်းနဲ့ 2010 -ပြီးရင်လည်းပဲ ပြည်သူတွေအတွက် ကောင်းလာနိုင်စရာ ဘာတခုမှ မတွေ့ရပဲ စစ်တပ်ကောင်းစားရေးနဲ့ စစ်အာဏာရှင်များ တရားဝင် အစိုးရဖြစ်ရေးပဲ ဆိုတာ ပြည်သူများ သိရှိကြပြီး 2010- ရွေးကောက်ပွဲဆိုတာကြီးကို ဆန့်ကျင် တိုက်ပွဲဝင်သွားကြရေး လုပ်ဆောင်ကြဖို့ ရည်ရွယ်ကာ ရေးသားလိုက်ရပါသည်ခင်ဗျာ။

မောင်ပြုပြင်

Friday, January 8, 2010

၂၀၁၀ ရွေးကောက်ပွဲ သတင်းရယူခွင့်ကို ခြိမ်းခြောက်

သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် (၂၇) နှစ် ချမှတ်လိုက်ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလ အတွင်း သတင်းရယူခွင့်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပြောကြားလိုက်သည်။

စစ်အစိုးရက နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် မလှလှဝင်းကို တရားမ၀င် ဆိုင်ကယ်စီးနင်းမှုဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ထားခြင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပခုက္ကူ ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် (၂၀) ထပ်တိုး ချမှတ်လိုက်ခြင်းဖြစ်သည်။

မလှလှဝင်းသည် အသက် (၂၅) နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းတွင် ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်းတိုက် တခုမှ သတင်းယူပြီးအပြန် လမ်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခံရစဉ်က ၎င်းအား တရားမ၀င်ဆိုင်ကယ်စီးနင်းမှုဖြင့် ပခုက္ကူမြို့နယ်တရားရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်။

သတင်းထောက် တယောက်ကို ဒီနှစ်ထဲမှာပဲ၊ ဒီလို အချိန်အခါမျိုးမှာပဲ၊ သူတို့ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတဲ့ အချိန်အခါမှာပဲ ဒီလောက်ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြလိုက်တာဟာ လာမယ့်တနှစ်လုံး ဒီရွေးကောက်ပွဲ ကာလတလျှောက်လုံးမှာ ဒီလွတ်လပ်စွာ သတင်းရယူခွင့်တို့၊ လွတ်လပ်စွာ သတင်း ရေးသား ခွင့်တို့၊ သတင်းဖော်ပြခွင့်တို့ လုံးဝကို ပိတ်ဆို့သွားပြီ၊ ပိတ်နှောင်သွားပြီ ဆိုတာကို ပြတာပဲ ဟု ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။

သတင်းထောက် မလှလှဝင်းကို ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှု၊ သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းမှု၊ ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် စစ်အစိုးရ သဘောထားထင်ဟပ်မှုတို့ကို ဖော်ပြနေခြင်းဖြစ်သည်ဟုလည်း သတင်းမီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

လူတယောက်အနေနဲ့ ကြည့်တဲ့အခါ ဒီ အသက်အရွယ်အပိုင်းအခြားနဲ့ လုပ်တဲ့အမှုက ဒီ နှစ် (၂၀) တို့ ဘာတို့ဆိုတာ လူသတ်မှု ပြစ်ဒဏ်ပေါ့ဗျာ။ ဒါကတော့ လူတယောက်အနေနဲ့ တရားလွန်တယ် ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က ဆိုသည်။

ပြည်တွင်းသတင်းစာလောက အသိုင်းအ၀ိုင်းကမူ ယခုကဲ့သို့ သတင်းထောက်တယောက်အပေါ် ပြစ်ဒဏ်ကြီးကြီး ချမှတ်လိုက်ခြင်းသည် လာမည့် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ သတင်းရယူ ဖော်ပြရေးသား ပြောဆိုပါက အနည်းဆုံး ထောင်ဒဏ် နှစ် (၂၀) ဟု ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။

စိုးမိုးခေတ်ပြိုင်

Friday, December 18, 2009

မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ/အဆင့်အတန်းနှင့် နိမ့်ကျမှု/ လိုအပ်မှု

မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ/အဆင့်အတန်းနှင့်
နိမ့်ကျမှု/ လိုအပ်မှု များစွာရှိနေကြောင်းကို မြန်မာနိုင်ငံဆရာဝန်အသင်း
(မန္တလေး) ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဦးဝင်းရှိန် မှ ဖွင့်ချပြီ

(ကျေးဇူးပြု၍ ပူးတွဲပါ ပုံများကို Click လုပ်ပြီး ကြည့်ပါ)
မေးလ်မှ ပေးပို့လာသူအားကျေးဇူးတင်လျှက်

ဖိုးရှုပ်လေး

Tuesday, December 15, 2009

မြန်မြန်လိမ်နော်

ကာတွန်း- ပျူ

``သားလုပွဲ´´

``သားလုပွဲ´´


မဟော်သဓာ သားတရားစီရင်ခန်း
စာသင်ခန်းမှာ..................
သူအလျော့ပေးတယ်........
ဒါ မိခင်မေတ္တာ.........
ဒါ မဟော်သဓာ ဟုတ်လို့


ဘ၀ခရီးကြမ်းမှာ....
မဟောသဓာလဲ .... မရှိ
ဘီလူးမ ... မှန်းလဲ .....သိ
ကဲဘယ်လို.....လု.....မလ?
ပျူ


(၁၃.၁၂.၂၀၀၉) 9း50 PM

Sunday, December 13, 2009

ပွဲ

ပွဲ
ဒီဇင်ဘာ ၁၁၊ ၂၀၀၉


ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ဆွမ်းဆန်ထဲ
ကြွက်ချေး ရောနေတယ်။

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
စားတော်ပဲဗန်းထဲ
စုန်းပြူး ပါနေတယ်။

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ဆီးသီးကြွေ မြေတလင်း
ပိုးထိုး ရှိနေတယ်။

ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ခရေပင်အောက်
တစ္ဆေစောင့်နေတယ်။ ။

အောင်ဝေး

Friday, December 11, 2009

သီဟိုဠ်သွားပြီးညောင်ထောက်သော်လည်း



ကာတွန်း- ပျူ

Friday, December 4, 2009

သေနတ်ကြားက မဲတပြား

၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင်ရောက်တော့မယ်။ ဒါပေမယ့် နအဖစစ်အစိုးရဟာ သူတို့လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကော်မရှင်လည်းမဖွဲ့နိုင်သေး၊ ဥပဒေလည်းမကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်းသံလှတဲ့ မီဒီယာတွေထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာသံတွေ မကြားရသေးဘဲ အလိုတော်ရိမျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက်သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။

အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက်ချရပါတော့မယ်။

နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ်ဆိုတာ ဘာမှသံသယရှိစရာမလိုပါ။ ဖွဲ့စည်းပုံဥပဒေနောက်ခံရှိတယ်ဆိုတဲ့ လွှတ်တော်ပေါ်ထွက်ရင် နိုင်ငံတကာအလယ်မှာ သူတို့အတွက် ဘယ့်ကလောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ သူတို့သိပါတယ်။ နောက်ပြီး အမေရိကန်၊ အီးယူတို့နဲ့လည်း “မြူမှောင်ဝေကင်း” ဆက်ဆံနိုင်တော့မယ်လို့ သူတို့တွက်ပါတယ်။ ဒီတော့ နအဖအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မဖြစ်မနေ မုချကို လုပ်ရတော့မယ့်ကိစ္စဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေရှိပါတယ်။ အဲဒါက (၄) သိန်းအင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့မရတဲ့ အကျပ်အတည်းဖြစ်ပါတယ်။

အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာဝင်ပါအောင် လုပ်လို့မရတာဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် ရာခိုင်နှုန်း (၈ဝ) ကျော် (၉ဝ) ရဲ့ မဲတွေရထားတဲ့ ပါတီကြီးက ဝင်မပြိုင်ဘူးဆိုရင် အတော်ကို အဓိပ္ပာယ်မဲ့သွားမယ်ဆိုတာ သူတို့သိပါတယ်။ အထူးသဖြင့် နိုင်ငံတကာအမြင်မှာ ပြောစရာဖြစ်မှာပါ။ နအဖရဲ့ လက်သုံးတော် စာရေးဆရာများကတော့ ဒီချုပ်မပါလည်း ဂရုစိုက်စရာ မလိုဘူးလို့ ပြောကောင်းပြော၊ ရေးကောင်းရေးကြမှာပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ဘရာဇီးမပါတဲ့ ကမ္ဘာ့ဖလားပွဲထက် အများကြီး ပိုမပြည့်စုံဘူးလို့ ပြောနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်းခံနေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စဖြစ်နေတော့ နအဖအစိုးရအဖို့ တပြားသားမှ လျှော့မပေးနိုင်တဲ့ကိစ္စ ဖြစ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကကြည့်ရင်လည်း ဒါလောက်လေးမှ တင်းမခံရင် သူတို့ပါတီရော၊ ဗမာပြည်ရဲ့အနာဂတ်ရော ရေစုံမျောပြီဆိုတာ ရှင်းနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ထားသရွေ့ ရွေးကောက်ပွဲထဲကို ကျုံးသွင်းလို့မရဘူးဆိုတာ ရှင်းနေပါတယ်။ တဖက်မှာတော့ အဖွဲ့ချုပ်ကလည်း ဒီကြေညာချက်အပေါ်မှာပဲ ခံတပ်ကို ခိုင်မာအောင်တည်ဆောက်နေတဲ့သဘော တွေ့ရပါတယ်။ ခံတပ်တခုဟာ အတွင်းမှာစည်းလုံးညီညွတ်ကြမှ ခိုင်မာတောင့်တင်းတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ နားလည်တယ်လို့ ယုံကြည်ပါတယ်။

ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လိုဖြစ်နေပါပြီ။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလိုလူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘဲ ဈေးမဆစ်နဲ့လို့ ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် တချိန်က လက်နက်နဲ့ ဒီမိုကရေစီလဲရေး စာတမ်းရေးခဲ့သူကြီးဟာ အခုတော့ လက်နက်မရှိရင် နိုင်ငံရေးဈေးဆစ်အားမရှိဘူးလို့ ပြောနေပါကလားလို့သာ မှတ်ချက်ချမိပါတယ်။ တကယ်ကျတော့ အထက်မှာ ပြောခဲ့သလို နအဖမှာ အခက်အခဲတွေတွေ့ရလေလေ ဒီလိုလူတွေက အတိုက်အခံတွေအပေါ် မာန်ဖီပြလေဖြစ်နေတာပါ။

နောက်ပြဿနာတခုက အပစ်ရပ်အဖွဲ့အစည်းတွေကိစ္စဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နအဖထင်သလောက် မီးမသေတာတော့ ရှင်းနေပါပြီ။ ကိုးကန့်ကို နှိပ်ကွပ်ပြလိုက်လို့လည်း ပြဿနာက မပြေလည်ပါဘူး။ စကားအားဖြင့် နယ်ခြားစောင့်တပ်ဘဝကို လက်ခံတယ်လို့ ပြောနေကြပေမယ့် ဈေးဆစ်နေကြပါတယ်။ ချုပ်လိုက်ရင် သူတို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာပါပဲ။ ညောင်နှစ်ပင်ညီလာခံတုန်းက အညစ်ခံထားရတာကို အပစ်ရပ်အဖွဲ့တွေအနေနဲ့ အဲဒီတုန်းက ပြန်ပြောခွင့်မသာလို့ ငုံ့ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံးအဆင့်မှာတော့ သူတို့လည်း အမောက်ထောင် ပြကြရတော့တာပါပဲ။

ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖထိပ်သီးပိုင်းအတွင်းပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေးအရရော၊ အသက်အရွယ်အရပါ အပြောင်းအလဲတွေ လုပ်ကိုလုပ်ရတော့မယ့် အချိန်ကိုရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင်ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ကင်းကွာသွားမှာကို သူတို့အားလုံးလန့်ကြပါတယ်။ ဘာကောင်ကြီးဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့အသိဆုံးပါ။ ဦးနေဝင်း သေပန်းမလှခဲ့တာကို သူတို့မမေ့ပါဘူး။ သူတို့သာ လက်ရှိရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိစည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ထိပ်ပိုင်းမှာ ဒီမျက်ခွက်ကြီးတွေပဲ ပြန်တွေ့နေရရင် လူရီစရာဖြစ်မယ်ဆိုတာကိုလည်း ဒီဗိုလ်ချုပ်တွေ မစဉ်းစားလို့မဖြစ်ပါဘူး။

ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာလွှဲပေးလိုက်ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ်ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့တပ်ထဲမှာ သြဇာမရှိတာတော့အမှန်ပါ (ဒါကြောင့်လည်း အခုသူတို့အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင်လုပ်လို့ မရသေးတာဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှမီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံးပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ်တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်းတိုင်းနေကြတာတွေ အများကြီးရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုလည်း မကြေညာနိုင်၊ ရွေးကောက်ပွဲဥပေဒဆိုတာလည်း ထုတ်မပြောနိုင်ဖြစ်နေတော့ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ခဲထားသူတွေ၊ ဗမာပြည်သားတွေကို ရွေးကောက်ပွဲမှာ မဲပေးနည်း သင်တန်းပေးမယ်လို့ အားခဲထားသူတွေ၊ ဒီရွေးကောက်ပွဲကနေပေါ်လာတဲ့ “စပေ့စ်” ထဲမှာ မျောက်က…ကရမယ်လို့ တရားဟောနေသူတွေ အားလုံးပဲ စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတယ်။ နောက်ပြီး သူတို့မှာ ပြောစရာတွေကလည်း ကုန်လာတယ်ဆိုတော့ စောင့်ရုံမှတပါး အခြားမရှိလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တချို့ကတော့ နအဖကိုတောင် စောင်းပါးရိပ်ခြည်၊ ချိတ်ပြီးဝေဖန်တာတွေ တွေ့လာရပါတယ်။

ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာမဟုတ်ပါဘူး။ အားလုံးမှာရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲတွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တောသံတမန်ရေးကြောင့် ဗမာပြည်နိုင်ငံရေးပြောင်းသွားပြီဆိုပြီး ကိုယ့်နိုင်ငံရေးဘဝတခုလုံးကို ရွေးကောက်ပွဲထဲမှာ ပုံအောလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့ကဆိုနေပါတယ်။ အဲဒီလိုပြောနေသူတွေထဲမှာ ရွေးကောက်ပွဲမလုပ်ဘဲ နအဖဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ်ဆိုတာထက်တောင်ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။

ရဲဘော်ဖိုးသံချောင်း

Monday, November 30, 2009

မြန်မာလူငယ်များ ရွေးကောက်ပွဲတွင် မဲပေးမည်လော

၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးပါတီ မရှိပါက လူငယ်များက ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲကြီး ကျင်းပချိန်က မဲပေးရန် အသက်ပြည့်မီခြင်း မရှိသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးရန် အသက်ပြည့်နေပြီဖြစ်သည့် လူငယ်များကို ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းကောက်ခဲ့ရာ အများစုက ထိုသို့ ဖြေဆိုကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်သဘောထား စစ်တမ်းဖြေဆိုကြသူများတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ်များသာပါဝင်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ သတင်းမီဒီယာသမား ၇ ဦး၊ လူငယ်ရှေ့နေ ၄ ဦး၊ အခြေခံ ပညာ အလယ်တန်းအဆင့် အထိသာ ပညာသင်ကြားခဲ့ပြီး ကြုံရာကျပန်းအလုပ် လုပ်ကိုင်နေသည့် လူငယ် ၇ ဦး၊ စစ်တက္ကသိုလ်ကျောင်းဆင်း လူငယ်စစ်ဗိုလ် ၁ ဦး အပါအ၀င် အလွှာပေါင်းစုံမှ လူငယ် စုစုပေါင်း ၆၀ နီးပါး ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာ သက်တမ်း ရှည်ကြာလာပြီ ဖြစ်သည့် ယူနီဖောင်းဝတ် စစ်ဗိုလ်အုပ်ချုပ်ရေး စနစ်ကို တရားဝင် အဆုံးသတ်ပေးမည့် ရွေးကောက်ပွဲဟု တချို့က ယူဆကြသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲကြောင့် ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီအစိုးရ တရပ် မပေါ်ပေါက်နိုင်ကြောင်း စစ်တမ်းတွင် ပါဝင်သည့် လူငယ် အများစုက သုံးသပ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ စသည့် အာဏာပိုင်တို့ ကျောထောက်နောက်ခံပေးထားသော အဖွဲ့အစည်းများက ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် ပါဝင်လာကြဖွယ် ရှိသောကြောင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးအဖွဲ့များ ပေါ်ထွက်ရန် အခွင့် အလမ်း နည်းပါးသည်ဟု လူငယ်များက ပြောသည်။

အစိုးရရဲ့ ကြံ့ခိုင်ရေးအသင်းက ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးလှုပ်ရှားမှုတွေ အများကြီး လုပ်လာတယ်။လမ်းခင်း၊ တံတားခင်းအလုပ်တွေကအစ သာရေး၊ နာရေး အဆုံး ကြံ့ခိုင်ရေး အလံတွေ တလူလူ လွှင့်ထူပြီး စည်းရုံးရေး လုပ်တယ်။ ရွေးကောက်ပွဲဥပဒေ မထွက်ခင် ကြံ့ခိုင်ရေးက မဲရဖို့ စည်းရုံးမှုတွေကအတော် ခရီးရောက်နေပြီ ဟု ရန်ကုန်မြို့မှ အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။

၂၀၁၀ ပြည့်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထုတ်ပြန်ပါကလည်း နိုင်ငံရေးပါတီများ အလွယ် တကူ ဖွဲ့စည်းနိုင်ခြင်း မရှိစေရန် ထိန်းချုပ်၊ ကန့်သတ်၊ တင်းကျပ်သော နည်းဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ သေချာပေါက် ပါဝင်ဖွယ် ရှိကြောင်း ရှေ့နေလူငယ်များက ခန့်မှန်းကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲအတည်ပြုပြီးပြီ။ မကြာမီထုတ်ပြန်မယ့် ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံရေးပါတီတွေ အလွယ်တကူဖွဲ့လို့မရအောင် တင်းကျပ်တဲ့ နည်းဥပဒေ သေချာပေါက် ပါလိမ့်မယ်။ ပြည်သူတွေ အတွက်ကတော့ 'မိအေး နှစ်ခါနာ' ပေါ့ ဟု ရန်ကုန်အခြေစိုက် အလုပ်သင် ရှေ့နေလူငယ်တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတကို ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်မှု မပြုနိုင်ခြင်း၊စစ်ဦးစီးချုပ်က လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ်ဖြစ်ပြီး နိုင်ငံတော်သမ္မတထက် အာဏာရှိနေခြင်း၊ စစ်ဦးစီးချုပ်တွင် တရားဝင် အာဏာသိမ်းပိုင်ခွင့်ရှိခြင်း အပါအ၀င် ဒီမိုကရေစီ စံ နှင့် မကိုက်ညီသည့် အချက် များစွာ တွေ့ရသည့်ဟု လူငယ်ရှေ့နေများက ထောက်ပြကြသည်။ အခြေခံဥပဒေ၏ အဖွင့် စာမျက်နှာတွင်ပင် လွဲမှားမှုများရှိနေသည်ဟု ဆိုသည်။

အခြေခံဥပဒေမှာ 'နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်' ဆိုပြီး စဖွင့်တယ်။ ဒီမိုကရေစီမှာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီ ဆိုတာမျိုး မရှိပါဘူး ဟု အမျိုးသမီးလူငယ်ရှေ့နေတဦးက သုံးသပ်သည်။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတဲ့ စကားရပ်ကိုက ဒီမိုကရေစီ သဘောအရ မှန်ကန်မှု မရှိဘူး၊ လွဲနေတယ် ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးအနေအထားသည် အကျဉ်းအကျပ်ထဲတွင် ရောက်ရှိနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် သာလျှင် မြန်မာ့နိုင်ငံရေး ထွက်ပေါက် ဖြစ်သည်ဟု ပြည်တွင်းပညာရှင် တချို့ ဦးစီး ဖွင့်လှစ်သည့် Myanmar Egress အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းတခုရှိ လူငယ်တချို့က ဆိုသည်။

စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဖြစ်အောင် ညင်ညင်သာသာ ကူးပြောင်းချင်တဲ့ တပ်မတော် အစိုးရကို အားလုံးက သဘောထား ကြီးကြီး ကူညီရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကသာ ဒီမိုကရေစီစနစ်သစ်ဆီ သွေးချောင်းမစီးဘဲ သွားဖို့ ဦးဆုံး ခြေလှမ်းပဲ ဟု Myanmar Egress သင်တန်းမှ လူငယ်တဦးက ပြောသည်။

Myanmar Egress သင်တန်းသား လူငယ် တချို့က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထောက်ခံသော်လည်း ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်မရှိဟု ဆိုသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း အသက် ၂၆ နှစ်အရွယ် စစ်ဗိုလ် လူငယ်တဦးကမူ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကြောင့် အုပ်ချုပ်ရေး စနစ် ပြောင်းလဲပြီး နိုင်ငံ တိုးတက်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း ရှင်းပြသည်။

အပြောင်းအလဲကို ပြည်သူတွေပဲ လိုချင်တာမဟုတ်ဘူး။ တပ်ထဲမှာလည်း အပြောင်းအလဲကိုပဲ တမ်းတနေကြတယ်။ ကျနော်တို့လို အရာရှိငယ်တွေ တော်တော်များများလည်း ၂၀၁၀ မှာ ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို မျှော်ကြတယ် ဟု စစ်ဗိုလ်လူငယ်က ပြောသည်။

၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မကြုံလိုက်ရသော လူငယ်များအတွက် ပထမဦးဆုံးသော၊ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေသော ရွေးကောက်ပွဲ အတွေ့အကြုံ ဖြစ်လိမ့်မည်ဟု လူငယ်များက ဆိုသည်။

၂၀၁၀ ကို လူငယ် တော်တော်များများက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတယ်။ နိုင်ငံရဲ့ အနာဂတ်မှာ လူငယ်တွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရမလဲ ဆိုတာက စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ ဟု KMD ကွန်ပျူတာကုမ္ပဏီတွင် IT ပညာရှင်အဖြစ် အလုပ် လုပ်ကိုင်နေသူ လူငယ်တဦးက ပြောသည်။

ကျောင်းပညာရေး ဆုံးခန်းတိုင်ခြင်း မရှိသည့် လက်လုပ် လက်စား လူငယ်တချို့ ကမူ ၂၀၁၀ ရွေးကောက်ပွဲမှ စားဝတ်နေရေး နှင့် စီးပွားရေး ပြေလည်စေရန် ဖန်တီးနိုင်သည့် အစိုးရတရပ် ပေါ်ပေါက်စေလိုသည်ဟု ပြောကြသည်။

ချောင်ချောင်လည်လည်နဲ့ မိသားစုတွေ ၀၀လင်လင် စားနိုင်၊ နေနိုင်ဖို့အရေးကြီးတယ်။ အဲဒီလို ဖန်တီးနိုင်မယ့်သူမျိုးကို မဲပေးမယ် ဟု ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည့် စက်ရုံအလုပ်သမား လူငယ်တဦးက ဆိုသည်။

လွတ်လပ် ပွင့်လင်း တရားမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အစိုးရက ကတိ ပေးထားသော်လည်း ယခုအချိန်အထိ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မပြုသေးပေ။ ထို့အပြင် စစ်အစိုးရက နိုင်ငံရေးသတင်းရေးသားမှုများ ကို ပိုမို တင်းကျပ်လာသောကြောင့် သတင်းသမားများ အခက်ကြုံနေရသည်။

“ခုချိန်ထိရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်း လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရှိသေးတဲ့အပြင် စာပေစိစစ်ရေးက နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ပိုပြီး ပိတ်ပင်တယ် ဟု ရန်ကုန်ပုဂ္ဂလိက သတင်းမီဒီယာတခုမှ အသက် ၂၇ နှစ်အရွယ် အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ယခုအချိန်အထိ မရရှိပါက ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် မရှိနိုင်သည့်အပြင် တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း သတင်းသမားလူငယ်များက ဆိုသည်။

တိုင်းပြည်နားမျက်စိလို့ တင်စားတဲ့ သတင်းသမားတွေတောင် လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဖော်ခွင့် မရရင် သာမန်ပြည်သူတွေအနေနဲ့ ပါတီတွေကို မဲပေးဖို့ ခက်လိမ့်မယ်။ စာပေစိစစ်ရေးက ခုအချိန်ထိ ရှိနေဆဲဆိုတော့ ၂၀၁၀ မှာ သတင်း လွတ်လပ်ခွင့်ရဖို့ သိပ်မမြင်ဘူး ဟု သတင်းထောက်တဦးက ဆိုသည်။

အာဏာပိုင်တို့သည် လူပေါင်းတသိန်းကျော် သေဆုံးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်သည့် ၂၀၀၈ ခုနှစ် မေလတွင် ၄င်းတို့စိတ်ကြိုက် ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့သည်။

ထို့နောက် အခြေခံဥပဒေကို ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရရှိသည်ဟု ဆိုကာ အတည်ပြုကြောင်း ကြေညာခဲ့သည်။

အောင်သက်ဝိုင်း

သတင်းပေးဆိုသည်မှာ

.သတင်းပေးဆိုသည်မှာ အသိရှိရှိ သတင်းပေးရှိသလို အသိကင်းမဲ့စွာ သတင်းပေးလည်း ရှိတတ်ပါသည်။
စိတ်ဓာတ်စစ်ဆင်ရေးဌာနဆိုပြီး စတင်ဖွဲ့စည်းစဉ်ကတည်းက စစ်အုပ်စုသည် 'သတင်းပေးမွေးမြူရေး' ကို စီမံကိန်းချ ဆောင်ရွက်ခဲ့သည်။
• လက်နက်ချပြီးမှ စစ်အုပ်စုအလိုကျ ရေးကြသူများက အန္တရာယ်မရှိပါ။ သူ့အကြောင်း ကိုယ်ကသိပြီးဖြစ်လို့ အန္တရာယ်
ကြီးကြီးမားမား မပေးနိုင်ပါ။
• ကိုယ့်အတွင်းမှာ မြှုပ်ထားတဲ့ သတင်းပေးကပဲ အန္တရာယ်ကြီးကြီး ပေးတတ်ပါသည်။
ကိုယ့်အတွင်း သတင်းပေးမြှုပ်သည့်နည်းတွေ စစ်အုပ်စုမှာ အများကြီးရှိသည်။
.သိမ်းကြုံးပြီးဖမ်း၊ စစ်ကြောရေးလုပ်၊ 'စာမေးပွဲ' ဖြေခိုင်း၊ အဖြေလွှာကိုကြည့်ပြီး သတင်းပေးအဖြစ်
'မြှုပ်' ထားဖို့ စီစဉ်သည့်နည်း။
.သိမ်းကြုံးဖမ်းတဲ့အထဲမှာ တမင်မဖမ်းဘဲ ချန်ထားသည့်နည်း။ သူ့ကိုတော့ 'တည်ကြက်' အဖြစ်
သုံးတတ်သည်။ ငါ့ကို သူတို့မသိသေးဘူးဆိုပြီး ပေါ့ပေါ့ဆဆ လုပ်မိလျှင် ရန်သူကို
သတင်းပေးသလိုဖြစ်ကာ သူ့ကြောင့် ဒုက္ခရောက်တတ်သည်။ သတင်းပေးကို လူအုပ်ထဲရောပြီး ထည့်ပေးလိုက်သည့်နည်း။ ဒီနည်းကို အသုံးများသည်။ A/S ကာလမှာ တောခိုသူတွေထဲ ရောထည့်သည်။ လူထုလှုပ်ရှားမှုကာလမှာ လှုပ်ရှားမှုထဲ ရောထည့်ပေးသည်။
www.cpburma.org အားလုံးသိထားရမယ့်ကိစ္စ ဆောင်းပါးမှ မိတ်ဆွေများသိစေချင် လို့ ဖေါ် ပြပေးလိုက်ပါတယ်။

ဖိုးရှုပ်လေး

Thursday, November 26, 2009

သခင်တင်မြသို့ ၂၅.၁၁.၂၀၀၉

(၁) ဗိုလ်စိုးမောင် ကျဆုံးတာနဲ့ ပတ်သက်ပြီး ရေးတဲ့စာ ဖတ်ရလို့ ခင်ဗျားသိစေဖို့ ဒီစာကို ရေးလိုက်ပါတယ်။

(၂) သခင်တင်ထွန်းနဲ့ဗိုလ်စိုးမောင် တနေရာစီမှာ ကျဆုံးတာပါ။ ဒီကိစ္စက အရေးမကြီးပါ။ အခု ရေးမှာက ဘာ့ကြောင့် ရှမ်းပြည်က ဗကပ ကို

ဗိုလ်နေဝင်းက သဲကြီးမဲကြီးအလေးထား စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်သလဲဆိုတဲ့ကိစ္စကို ရေးချင်တာပါ။ (သခင်တင်ထွန်းနဲ့

ဗိုလ်စိုးမောင်တို့ ဘယ်တုန်းက ဘယ်လိုကျဆုံးတယ်ဆိုတာကို စစ်ဗိုလ်ဟောင်းတယောက်ရေးတဲ့ စာအုပ်ထဲမှာ ပါပါတယ်။ သူရေးတဲ့

ရက်စွဲက အမှန်ပါပဲ။ ဒါပေမဲ့ သူတို့ မရေးတာတခု ရှိတယ်။ အဲဒါက သတင်းရအောင် ဘယ်လို လူထုကို စစ်ကြောရေး လုပ်ခဲ့သလဲဆိုတာ

မရေးဘူး။ တရွာလုံး လူကုန်ဖမ်းပြီး စစ်ကြောရေးလုပ်ခဲ့ပုံ၊ ဆရာစံသူပုန်တုန်းက ဗိုလ်လုပ်ခဲ့သူရဲ့သားကိုဖမ်းပြီး တရွာလုံးရှေ့မှာ

ဓားနဲ့မွှန်းကာ ဗကပ စခန်းကို ဖော်ထုတ်ဖို့ စစ်မေးခဲ့ပုံ၊ အဲဒီလိုနဲ့ ကျဆုံးသွားရပုံ ဒါတွေကို ဘယ်တော့မှ မရေးပါဘူး။ သခင်တင်ထွန်း

ယာယီစခန်းချနေတ့ဲ နေရာကိုပြဖို့ ဘယ်နည်းန့ဲ စစ်ကြောရေးလုပ်ခသဲ့ လဆဲိုတာကိုလည်း မရေးပါဘူး။ သူရဦးထနွ်းတင်ကတော့  ရှင်းတယ်။

သခင်တင်ဖေကို ဘယ်လိုကျဆုံးအောင် တိုက်ခဲ့သလဲဆိုတာကို လုံးလုံးမရေးပါဘူး။ "သူရ" ဘွဲ့ ဘာကြောင့်ရတယ်ဆိုတာတောင်

မရေးပါဘူး။ 'လူထုက သတင်းပေးတယ်' ဆိုတဲ့ အရေးအသားကိုတော့ ခင်ဗျားအနေနဲ့ ရှောင်စေချင်ပါတယ်။

(၃) အဓိက ရေးချင်တာ (အသိပေးချင်တာ) ကိုပဲ ရေးပါမယ်။

နေဝင်းက ဆူဟာတိုကို အားကျပြီး '၁၉၆၇' မှာ ဆူဟာတို လုပ်ခဲ့သလို လုပ်လိုက်တယ်။

o အင်ဒိုနီးရှားက ကျွန်းနိုင်ငံပဲ။ ဗမာပြည်က ခြံစည်းရိုးပဲခြားတဲ့ နိုင်ငံပါ။

o အင်ဒိုနီးရှားကွန်မြူနစ်နဲ့ ပင်လယ်ရပ်ခြားတရုတ်တွေက (အဲဒီတုန်းက) တရုတ်ပြည်ထဲမှာ များများစားစား မရှိဘူး။

ဗမာပြည်ကတော့ သင်တန်း (၃) နှစ်တက်ပြီး ပြန်ဖို့ပို့ထားတဲ့ 'ပညာတော်သင်' တွေ ရှိနေတယ်။ ဗကပ

ဗဟိုကော်မတီတွေ၊ PB တွေလည်း တရုတ်ပြည်မှာ ရှိနေတယ်။ မူကြီး (၅) ချက်ကြောင့် သူတို့တတွေ ဗမာပြည်

မပြန်နိုင်ကြဘူး။ တရုတ်ပြည်မှာ ရာသက်ပန်ဧည့်သည်ဘဝနဲ့ နေရမလို ဖြစ်နေတယ်။

o စစ်ရှုံးပြီး ပြေးဝင်လာတဲ့ ဗိုလ်နော်ဆိုင်းတပ်ကလည်း တရုတ်ပြည်မှာ ရှိတယ်။

o နယ်စပ်မှာ KMT တပ်ကြွင်းတပ်ကျန်တွေကို တိုက်ဖို့မွေးမြူထားတဲ့ လူမျိုးစုပြောက်ကျားတပ်ကလေးတွေကလည်း

အများကြီး ရှိတယ်။

o အင်ဒိုနီးရှားဆူဟာတိုကို ဒဏ်ခတ်ဖို့ မတတ်နိုင်ပေမယ့် နေဝင်းကိုတော့ ဒဏ်ခတ်ဖို့ တရုတ်မှာ သုံးနိုင်တဲ့အင်အား

ရှိနေတယ်လို့ ပြောချင်တာပါ။ ဗကပ ဧည့်သည်များကလည်း ဗမာပြည်ပြန်ပြီး တော်လှန်ရေးလုပ်ဖို့ တကျည်ကျည်

ပူဆာနေတယ်။

o နေဝင်းက မူကြီး (၅) ချက်ကို ချိုးဖျက်သလို လုပ်မိတော့ ဗကပ ဟာ ဘယ်တုန်းကမှ ကျည်ဆံတတောင့်၊

လက်နက်တလက် တရုတ်ဆီက မရခဲ့ဖူးပေမယ့် ၁၉၆၇ မှာကျတော့ သုံးမကုန်၊ ဖြုံးမကုန်အောင် ရတယ်။

o ဗကပ က SSIA, KIA စတဲ့ လူမျိုးစုတပ်တွေကိုတောင် လက်နက်တွေ ထောင်နဲ့ချီပြီး အလှူကြီးပေးနိုင်ခဲ့တယ်။

o ဗကပ က ပဲခူးရိုးမကို၊ မြစ်ဝကျွန်းပေါ်ကို ဒီလက်နက်တွေ အောတိုက်ပြီး ပို့ချင်တယ်။ ဒါပေမဲ့ လမ်းက မပေါက်ဘူး။

ရှမ်းပြည်အင်းလေးကို ရောက်ဖို့က လွယ်တယ်။ ဒါပေမဲ့ ဟိုဘက်ကို တိုးလို့မရဘူး။ KNU ကို စည်းရုံးတယ်။ မရဘူး။

ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်မှာ ဗကပ မရှိရင် သူတို့ချည်း အပိုင်စားရမယ် ထင်နေတယ်။ ဒါက အဲဒီတုန်းက မိမိတို့

အခြေအနေ။

(၄) စစ်အုပ်စုအခြေအနေက ဗိုလ်နေဝင်း မိုက်မိုက်ကန်ကန်းလုပ်လိုက်တာ မှားပြီဆိုတာ သူတို့အားလုံး သိနေတယ်။ ဒါပေမဲ့ နေဝင်းကို

မပြောရဲဘူး။ ဗိုလ်အောင်ကြီးကတော့ နေဝင်းဆီကို စာပို့တယ်။ "ဗကပ ကို ဟိုချီမင်းလမ်း ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်အထိဖောက်ခွင့်

မပေးလိုက်ပါနဲ့။ လမ်းပေါက်သွားရင် သူတို့ရှုံးပြီ။ ဒါကြောင့် ပီကင်းသွားပြီး တောင်းပန်ဖို့ မစ်ရှင်တခု အမြန်လွှတ်ပါ။ အဲဒီ မစ်ရှင်မှာ

ဦးနုခေါင်းဆောင်ပြီး သူ့ကို အဖွဲ့ဝင်အဖြစ် ထည့်ပေးပါ။ ဟိုတုန်းကလည်း သူတို့ အတောင်းပန်ကောင်းလို့ 'ဗကပ' တွေ တရုတ်ပြည်က

ပြန်မလာနိုင် ဖြစ်ခဲ့ဖူးတယ်" စသဖြင့် စာရှည်ကြီး ရေးတယ်။ ပီကင်းသွားမစ်ရှင်ပြီးမှ သူ့ကို ထောင်ထဲပြန်ထည့်ချင်ထည့်ပါလို့တောင် ပါတယ်။

သူ့ကိုယ်ကျိုး လုံးဝမပါဘူး။ စစ်အုပ်စုအကျိုးဆောင်တာပါလို့ ဆိုချင်ဟန်ရှိတယ်။

ဗိုလ်နေဝင်းက မင်းတို့သွားမှလား၊ ငါသွားတောင်းပန်လိုက်တာက ပိုကောင်းမပေါ့ဆိုပြီး ပီကင်းကို တောင်းပန်ဖို့ လာတယ်။

နေဝင်းက အစိုးရအဖွဲ့ချင်း တရားဝင်ဆွေးနွေးတာမှာ ဗကပ အကြောင်း လုံးဝမပြောဘူး။ ဘေးမှာကျမှ တရုတ်ခေါင်းဆောင်တွေ

နားကိုပေါက်အောင် ဂျပန်ခေတ်တုန်းက သူဟာ ဗကပ ဗဟိုကော်မတီတဦးပါ။ နောက်ကျမှ ဗကပ က သူ့ကို အကြောင်းမပြဘဲ

ဖြုတ်ပစ်တာပါ။ ဗကပ ဟာ သိပ်ပြီးဂိုဏ်းဂဏစိတ်၊ အစုစိတ် ကြီးတယ်ဆိုတာကို ခဏခဏပြောတော့တာပဲ။

တရုတ်ရဲ့လုပ်နည်းကလည်း နိုင်ငံခြားဧည့်သည်တော်လာရင် အစိုးရချင်းကိစ္စတွေ ပြောကြမယ်။ စာချုပ်ချုပ်စရာရှိ ချုပ်ကြမယ်။

အဲဒါပြီးရင် ဧည့်သည်တော်ကို ဧည့်ခံမယ့် ခေါင်းဆောင်တယောက်နဲ့ စကားပြန်အဖွဲ့ပဲ ထည့်ပေးပြီး 'လှည့်လည်ကြည့်ရWှုရေး' နဲ့

ဧည့်ခံတဲ့အလေ့ ရှိတယ်။

နေဝင်း အကြိုက်တွေ့တယ်။ မီးရထားပေါ်၊ သင်္ဘောပေါ်စတဲ့နေရာတွေမှာ အဲဒီ 'ကျွန်တော်ဟာ ဗကပ ဗဟိုကော်မတီပါ'

ဓာတ်ပြားကို ဖွင့်ပြတော့တာပဲ။

တရုတ်ကို အမျက်ပြေလုပ်ပြီးတော့ ဟိုချီမင်းလမ်းပေါက်ခွင့် မပေးရေး ထိုးစစ်တွေ ဆက်တိုက်လုပ်တယ်။ ရှမ်းပြည်နယ်က

အဓိကပဲဆိုတာသိလို့ ရှမ်းပြည်နယ် စစ်ဆင်ရေးတွေ လုပ်တယ်။ အသတ်ခံရတဲ့ လူထုကလည်း မနည်းဘူး။ တရွာလုံး စစ်ကြောရေး

ဝင်ကြရပါတယ်။ တောထဲက စစ်ကြောရေးက မြို့ပေါ်နဲ့ မတူပါဘူး။ ပိုပြီးရက်စက်တယ်။ ကြမ်းပါတယ်။ ဘယ်လူ့အခွင့်အရေးသမားမှ

(အခုခေတ်လို) မရှိပါဘူး။ ကွန်မြူနစ်ချေမှုန်းရေး လုပ်တာကို အားပေးပါတယ်။

(ဦးနု လက်နက်ကိုင်တော်လှန်ရေးလုပ်တမ်း ကစားတာလည်း ဗိုလ်နေဝင်းရဲ့ တံတိုင်းပြိုရင် သူက ယိုးဒယားနယ်စပ်မှာ

တံတိုင်းသစ်တခု တည်ဆောက်ထားချင်လို့ပဲဆိုတာကို လောရုံကို ဆရာတင်ကတည်းက အကင်းပါးသူတိုင်း သိကြမှာပါ။

နေဝင်းက အောင်ကြီး အကြံဉာဏ်အတိုင်း 'ဟိုချီမင်းလမ်းဖေါက်ခွင့် မပေးရေး' လုပ်တော့ ဒုတိယတံတိုင်းကို (အမေရိကန်က)

အသုံးမလိုတော့ပါဘူး။ ဒါကတော့ ကြုံလို့ပဲ ရေးတာပါ။) ဒါပါပဲ။

www.cpburma.org__မှ ကူးယူသည်။

ဖိုးရှုပ်လေး

Sunday, November 22, 2009

သန်းရွှေရဲ့ ဒံပေါက်နဲ့ဒေါ်လာနှစ်ရာတန် ဆိုတာ

သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်းရေးက တော်တော် ကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ (၁၂-၁၁-၀၉)နေ့မှာ သိရီလင်္ကာနိုင်ငံရောက်တယ်၊ မြန်မာစာ သင်သံဃာတော် ၃၀၀-လောက် အ၀င်အထွက်ရှိတဲ့ မကုဋာရာမ မြန်မာကျောင်းကို မလာရဲပါဘူး။ တကယ် လာခဲ့ရင်လည်း ပြဿနာတက်မှာ ကျိမ်းသေတယ်။

ကျောင်းကလည်း ကားလေးတစီးစာ ၀င်ရရုံလေးပဲရှိပါတယ်။ ပြဿနာတက်ရင်တော့ သန်းရွှေ ဇော်ချွေးပြန်ရုံမကဘူး ဖင်မွေးတောင် ထောင်လာမယ်။ သန်းရွှေရောက်တော့လည်း ကြည့်ဦးလေ ဗုဒ္ဒ္ဓစွယ်တော်ရှိတဲ့ ဂန္ဓီမြို့ကိုသွားတယ်၊ ဗိုက်နာလို့ ဆေးရုံတင်ရတယ်။

အရှင်မဟိန္ဒပွင့်ဆောင်လာတဲ့ ဗောဓိပင်ရှိရာ အနုရာထပူရမြို့ ကိုရောက်တော့ ဗောဓိပင်ဖူးမယ့်လုပ်တော့ မိုးက အကြီးအကျယ်ရွာတယ်။ အဲ ပြောရပြန်ပြီ ကိုလံဘိုမြို့ရောက်တော့ သိရီလင်္ကာနိုင်ငံရှိ လက်ရှိအတိုက်ခံ ပါတီက (မြန်မာပြည်သား တယောက်မှမပါ) ဆန္ဒပြကြပြန်တယ်။ ဂန္ဓီမြို့ကိုရောက်စဉ်တော့ နအဖ၏ရိက္ခာနဲ့ ကျောင်းတက်နေတဲ့ ဦးဇင်း( ၅ )ပါးကို ဆွမ်းကပ်တယ်။

ဒေါ်လာ(၂၀၀)စီ လှူသွားတယ်တော့ သတင်းရတာပဲ။ သန်းရွှေပြန်သွားတော့ အေးပြီမှတ်တာ၊ ဘယ်ဟုတ်မလဲ သံရုံးကိုစီစဉ်ခိုင်းသွားတာလေ ကြည့်ကြပါဦး---- ဒီနေ့ဗျာ မြန်မာကျောင်းသို့ သံရုံးကလာပြီ ဒံပေါက်ဆွမ်းနဲ့ သင်္ကန်းတစုံ၊ ရူပီးငွေ (၂၁၀၀၀=US 200) လှူတယ်ဗျာ။ ဘုန်းပေးလိုက်တဲ့ ဆရာတော်တွေကလည်း အားရပါးရဆိုပဲ။

ဘုန်းပေးတဲ့ဆရာတော်တွေကိုလည်း အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့်ဗျာ မိမိတို့သာသနာ့ညီနောင်တွေရဲ့ သွေးတွေ၊ ချွေးတွေ၊ မေတ္တာပို့ခဲ့တဲ့အသံတွေ၊ ထောင်ရောက်နေတဲ့အဖော်ရဟန်းတွေ၊ ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်တွေ၊ ရှောင်ပုန်းပြေးလွှာနေရတဲ့ဆရာတော်တွေ၊ ဘုန်းကြီးကျောင်းတွေကို ရန်သူစခန်းတခုကြီးလို ၀င်စီးခဲ့တာတွေ၊ လက်ရှိအပိတ်ခံထားရဆဲ သာသနာ့ပိုင် နယ်မြေတွေ၊ ပြောစရာတွေကအများကြီးပါပဲ။

အထက်ကပြောခဲ့တဲ့အချက်တွေကို မျက်လုံးစုံမှိက်ပြီး ဘုန်းပေးတဲ့ဆရာတော်တွေကိုတော့ တော်တော်လေး အံ့သြမိပါတယ်။
(မှတ်ချက်။ ။ အလှူခံတဲ့အထဲမှာ ၂၀၀၇-စက်တင်ဘာလ ၁၈-ရက်နေ့တွင် ကိုလံဘိုမြို့ရှိ မဟာဝိသုဒ္ဓါရာမကျောင်းက သိမ်အတွင်း၌ကံဆောင်တော်မူကြတဲ့ ဆရာတော်(၄၈)ပါးမပါပါ။ ပြီးတော့သာသနာ့ စိတ်ဓါတ်ပြင်းပြတဲ့ ဆရာတော်များမပါဝင်ပါ။) ဤသို့သတင်းရရှိပါသည်။
လင်္ကာဒီပစာသင်သားလေး

ကိုဖိုးတုတ်နှင့် ကိုကံမြင့်တို့အားထောင်သက်တမ်းများ ထပ်မံတိုးမြင့်ခြင်းမှာလွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်အား ချိုးဖောက်ခြင်းဖြစ်

StatementonSPDCviolation Normal.doc 21 Nov2009

Monday, November 16, 2009

စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့

" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ် ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)



ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ " ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။



နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် -
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
-----------------------


မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့
" ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)


16.11.2009 လောက်ကောင် အေးလွင် ရဲ့ စမ်းချောင်းမြို့နယ်စည်းရုံးရေး

16.11.2009 စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဦးညိုလမ်း၊ အိမ်အမှတ် (၆၁) တွင် NlD ပါတီ ခွဲ ထွက် ဖောက်ပြန်ရေးသမား အေးလွင် ၎င်း၏ ပါတီအတွက်စည်းရုံးရေးဆင်းခဲ့ကြောင်း မေးလ် မှ တဆင့်ပေးပို့လာပါတယ်။

ကျွန်တော်တို့ ရပ်ကွက်မှာလာလုပ်တာ တချို့ ကဘာမှန်းမသိကြဘူးဗျ။ ခွပ်ဒေါင်းတံဆိပ် ယင်ထိုးတွေနဲ့ အဲဒီ အိမ်ကိုဝင်သွားကြတယ်။

ပြီး ခဏလဲ ကြာရော အဲအိမ်မှာရှိတဲ့ စပီ ကာနှစ်လုံးကို အိမ်ရှေ့ ၀ရန်တာမှာထုတ်ပြီး သူတို့ အခန်းအနား အစီအစဉ်တွေကိုပြောတယ်။
အဲဒီအိမ်ထဲမှာ စမ်းချောင်းမြို့နယ်က ရဲနှစ်ယောက်လဲရှိနေတယ်။

အဓိကပြောတာတွေကို အေးလွင်ကပဲပြောတယ်။ ပြီးတော့ သူပြောတဲ့ အထဲမှတော့ ဒီပါတီ ဖွဲ့စည်းတာ စစ်တပ်ကိုတိုက်ခိုက်ဘို့မဟုတ်ဘူးလို့လဲပြောတယ် ပြီးတော့ စီးပွားရေးပိတ်ဆို့တာကို ပြည်သူကလက်မခံဘူးလို့လဲပြောတယ်။ အဲဒီဟာ ကို ဗိုလ်ချုပ်အောင်ဆန်းသမီးလဲဖြစ် နိုဘယ်ဆုရှင်လဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့တဲဘက်ကရပ်တည် နေတာ အံ့သြဘို့ကောင်းတယ်လို့ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းတွေအပုတ်ချတယ်။

ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ကိုထောက်ခံရမယ်လို့လဲပြောတယ်။ ဒီရွေးကောက်ပွဲပြီးရင် လွတ်လပ်ခွင့်တွေရမယ်။ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေရမယ် ပြောရေးဆိုခွင့်တွေရမယ်ဆိုပြီးစီးရုံးပါတယ်။

လမ်းပေါ်တက်ဆန္ဒပြလို့ ဒီမိုကရေစီမရပါဘူး ဆိုပြီးတော့လဲ စစ်အစိုးရ အာဘော်အတိုင်းပြေပါတယ်။
နောက်ဆုံးမှာတော့ ဒီမိုကရေစီရရှိရေးဒို့ အရေမဟုတ်ဘူး တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေး ဒို့ အရေးပဲလို့ ဟစ်ကြွေးပြီး အခမ်းအနားကို ရုတ်သိမ်းသွားတယ်ဗျ။

အဲဒီအိမ်ကလဲ အေးလွင်ရဲ့ ပါတီ ၀င်တွေပဲဗျ။ ကိုစိုးအောင်+မပပစိုး တဲ့သူတို့က တစ်ရပ်ကွက်လုံးလိုလိုနဲ့ မတည့်ဘူးဗျ။ ကိုစိုးအောင်က ပိုက်ကျော်ခြင်းကို Burma ၀င်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်

အဲဒီအချိန် အဲဒီ ရပ်ကွက်က လူတချို့ ပြောနေတာတွေနဲ့ ပြုမူနေတဲ့ ပုံလေးတွေကတော့.............

အိမ်တစ်အိမ်က မျိုးကြီးရဲ့ နာနားပြီးပြောကို အကြယ်ကြီးဖွင့်ပြီးတိုက်ခိုက်တယ်ဗျ။
ခဏနေတော့ အဲဒီအိမ်ကပဲ ဆရာတော် ဥူးသုမင်္ဂလရဲ့ တရားကို စပီကာနဲ့ အကြယ်ကြီးဖွင့်တယ်ဗျ တစ်ရပ်ကွက်လုံးက အဲဒီအိမ်ကိုထောက်ခံ အားပေးကြပါတယ်။

ပြီးတော့ တချားလူတွေကတော့ ရပ်ကွက်ကိုခဏနေရင်ရေးဆေးမယ် ရေအလှူ ထည့်ချင်တဲ့လူတွေလာခဲ့ လို့ပြောကြပါတယ်။

သူတို့ စည်းရုံးရေးကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကိုထောက်ခံ ဘို့ပါ။ ဒီလိုဖောက်ပြန်ရေးသမားတွေက ဒီလိုပြောလာတော့ တစ်ခုတော့ကောင်းသွားပါတယ် အဲဒီရပ်ကွက်ကလူတွေ ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိတစ်ခုရသွားပါတယ်။

မှတ်ချက်။ ။ ဒီမှတ်ချက်လေးကိုမိုးမခမှ ကူးယူပါသည်။ သူရေးထားသလို ကိုအေးလွင်က အင်န်အယ်ဒီပါတီ ခွဲထွက် မဟုတ်ပါ။ သူက အင်န်အယ်ဒီပါတီဝင်တဦး မဟုတ်ခဲ့ပါ။ အရေးအခင်းပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲအတွက် ပြည်သူ့အရေးတော်ပုံပါတီ ကို ကျောင်းသားလူငယ်တွေနဲ့ ထောင်ခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်မရပါဘူး။ နောက် ၁၉၉၀ နောက်ပိုင်းမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ဖက် ရောက်သွားပြီးတော့ အဲသည်ကိစ္စတွေထဲက တခုနဲ့ အမှုအခင်းဖြစ်ပြီး ထောင်ကျခဲ့ပါတယ်။ ယခု သူထူထောင်ထားတာက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (မြန်မာနိုင်ငံ) ဖြစ်ပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် စသည့် ကျောင်းသားခေါင်းဆောင်များရဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုတာနဲ့ မည်သို့မျှ သက်ဆိုက်ခြင်း မရှိပါ။
ဖိုးရှုပ်လေး ကြိုးစားပါအုန်းမည်။

Sunday, November 15, 2009

သီဟသူရ တင်အောင်မြင့်ဦး စစ်တပ်ရာထူးမှ တိတ်တဆိတ်နုတ်ထွက်

စစ်အစိုးရအဖွဲ့၏ နံပါတ် ၄ ရာထူးအဆင့်ရှိသည့် အတွင်းရေးမှူး(၁) စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် လက်ရှိစစ်တပ်ရာထူးမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်တပ်ရာထူးမှ နုတ်ထွက်သော်လည်း အတွင်းရေးမှူး(၁) တာဝန်ကို ဆက်လက် ယူထားမည်ဖြစ်သည်ဟု ဆိုသည်။

၎င်းအနေဖြင့် လက်ရှိစစ်တပ်တာဝန်များနှင့် နိုင်ငံရေး လောကတွင် ပါဝင်ထမ်းဆောင်ရ မည့် တာဝန်များကို ကာလကြာ ရှည်စွာ လုပ်ဆောင်လိုခြင်းမရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက ပြောဆိုမှုများရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏ သတင်းနှင့်ပတ်သက်ပြီး စစ်အစိုးရ၏ မီဒီယာများတွင် ဖော်ပြခြင်းကို မတွေ့ရှိရပေ။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်ထောက်ချုပ်၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင်စီတွင် အတွင်း ရေးမှူး(၁) တာဝန်များကိုယူထားပြီး ယခုအချိန်တွင် ၎င်း၏နေရာအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟုဆိုသော စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက တာဝန်ယူထားကြောင်း သိရသည်။

ထိုသို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နုတ်ထွက်ရခြင်းအကြောင်းမှာ ၎င်း၏သားဖြစ်သူ နိုင်ငံခြားသို့ ဆန်တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဟင်္သာ ကုမ္ပဏီပိုင်ရှင် ဗိုလ်ကြီးဟောင်း နိုင်လင်းဦး (တေဇာစောဦး) နှင့်ပတ်သက်နိုင်သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များက ထင်မြင်ယူဆနေကြသည်။

ပြီးခဲ့သည့်လကဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်က တေဇာစောဦးပိုင် နာမည်ကြီး ကဖေး ဆိုင်ဖြစ်သော “7 Lekker” ကဖေးဆိုင်အား ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟုသတင်းများထွက်ပေါ်လာခဲ့ကြောင်း၊ ၎င်းဆိုင်မှာ တေဇာစောဦးပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး ၀န်ကြီးဦးစိုးသာ ၏သား အပါအ၀င် တခြားစီးပွားရေးလုပ်ငန်းရှင်တဦး လည်း အစုရှယ်ရာပါဝင်သည်ဟု သိရသည်။

၎င်းကဖေးဆိုင် ဖျက်ဆီးခံရမှုသည် ဆိုင်အနီးတွင်ရှိသည့် ပညာရေးဌာနပိုင် မြေနေရာအား ဗိုလ်ချုပ်မှူးကြီးမြေးက Night Club အဖြစ်ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လူအများကြားတွင် ပြောဆိုနေကြသည်။

ယင်းပြဿနာနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးအားခေါ်ယူပြီး မေးမြန်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးက ၎င်း၏သား တေဇာစောဦးထံသို့ စစ်အရာရှိတဦးစေလွှတ်၍ ယခုဖွင့်လှစ်ထားသည့် ကဖေးဆိုင်သည် တရားဝင်ဖွင့်လှစ်ထားသည့်ဆိုင်မဟုတ်ဟု ၀န်ခံလက်မှတ်ထိုးခိုင်းကြောင်း၊တေဇာစောဦးက လက်မှတ် မထိုးနိုင်ဟုငြင်းဆန်ခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသည် စစ်ဖက်ဆိုင်ရာသီဟသူရဘွဲ့ကို ၁၉၈၀ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တိုက်ခိုက်ခဲ့ သည့် တိုက်ပွဲများတွင်ရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။

၎င်းသည်၁၉၉၀ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ ၁၉၉၂ မှ ၁၉၉၄ ခုနှစ် အထိ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တွင် ဗျူဟာမှူးတာဝန်ယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၌ နအဖ အဖွဲ့ တွင် အတွင်းရေးမှူး (၁) ဖြစ်လာသည်။ ၂၀၀၉ခုနှစ် မတ်လ မှစတင်ပြီး ဗိုလ်ချုပ်ကြီး ရာထူးကို လက်ခံရယူခဲ့သည်။

ဧရာဝတီ