Monday, May 16, 2011

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ဂျာနယ်တစောင် ယာယီအပိတ်ခံရ


E-mail အပတ်စဉ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်ဖြစ်သည့် True News (သစ္စာ) သတင်းဂျာနယ်ကို ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းလိုက်သည်ဟု မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

True-news-journal-bannd

True News (သစ္စာ) သတင်းဂျာနယ်

ယင်းသို့ သတင်းဂျာနယ်တစောင်ကို ပိတ်ပင်ခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

မေလ ၃ ရက်က ထုတ်ဝေခဲ့သည့် သစ္စာသတင်းဂျာနယ်တွင် ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းပိုင် ဆိုင်ထားသူများ ကျပ် တသိန်း ရှစ်သောင်း ထပ်မံပေးသွင်းလျှင် ငါးသိန်း တန် ဂျီအက်စ်အမ် ဖုန်း တလုံးရမည် ဆိုသည့်သတင်းအား မြန်မာ့ဆက်သွယ် ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ယင်းသတင်းနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှ စာပေစိစစ်ရေးကို ကန့်ကွက်စာပို့ခဲ့သဖြင့် ယခုကဲ့သို့ထုတ်ဝေခွင့် နှစ်ပတ်ရပ်နားလိုက်ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ အထက်ပါ စာစစ်မှူးက ဧရာဝတီသို့ပြောသည်။

“အကြောင်းပြချက်ကတော့ မျက်နှာဖုံးသတင်းကို ခွင့်ပြုချက်မရဘဲ ထုတ်ဝေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်တာပါ”ဟု သစ္စာဂျာနယ် နှင့်နီးစပ်သူတဦးက ဆိုသည်။

မေလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော သစ္စာသတင်းဂျာနယ် အတွဲ ၃ အမှတ် ၃၄ တွင် အဆိုပါ ဂျီအက်စ်အမ် ဖုန်းသတင်းနှင့်အတူ ယူနီဖောင်းသာလဲပြီး လူပြောင်းလဲခြင်းမရှိဟူသော အဓိပ္ပာယ်ဖြင့်ရေးဆွဲထားသည့် ကာတွန်းဆရာ အော်ပီကျုယ်၏ကာတွန်း၊ နာရေး ကူညီမှုအသင်း ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ ကိုယ်တိုင်ရေးဆောင်းပါးများပါ ထည့်သွင်းဖော်ပြခဲ့သဖြင့် ယင်းသို့ပိတ်ပင်ခြင်းဖြစ် နိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အဲဒီအပတ်မှာ နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည်လာတဲ့သတင်း တင်တယ် ခွင့်မပြုဘူး။ ကျော်သူအင်တာဗျူးတင်တယ်။ ဆိုင်းငံ့ဆိုပြီး နောက်တပတ်ရွှေ့လိုက်တယ်။ တယ်လီဖုန်းသတင်းကလည်း သူတို့ဌာနက တာဝန်အရှိဆုံးလူပြောထား တာကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ရှိတယ်”ဟု အမည်မဖော်လိုသူ သတင်းထောက် တဦးက ပြောပြသည်။

သမ္မတသစ် ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့်အစိုးရ အဖွဲ့ဝင်များကိုပြောကြားသည့်မိန့်ခွန်းတွင်“စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကိုအလေးထားဖို့လိုအပ်ပါတယ်။ စာနယ်ဇင်းများ က တဆင့် ပြည်သူတွေသိသင့်တဲ့အချက်များကို အသိပေးသွားဖို့လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကိုဖော်ပြ ခွင့်ပြုခြင်း၊ ယခင်ခွင့်မပြုခဲ့သည့် အကြောင်းအရာတချို့ကို ရေးသားခွင့်ပြုခြင်းတို့ကြောင့် စာပေလွတ်လပ်ခွင့် တစုံတရာရလာမည်လားဟု မျှော်လင့်ချက် ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လူထုက ဆက်လက်ထောက်ခံဆဲ ဆိုသည့်သတင်း၊ လယ်ယာမြေ အဓမ္မ သိမ်းယူသည့်သတင်း၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးသည့် သတင်းများကိုဖော်ပြခွင့် မပြုကြောင်း သတင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

“သူတို့ လွတ်လပ်ခွင့် ပေးလာတယ်ဆိုတာမျိုး ဖြစ်အောင်အပေါ်ယံပေးတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း ဓာတ်ပုံကိုပဲ ပေး တာ။ နာရေးအသင်းကိုလာတော့ လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလိုက်ကြည့်တယ်။

ဘယ်လိုကြိုဆိုတယ်ဆိုတာမျိုးတွေဆိုခွင့်မပြုဘူး။ နောက်ပြီး NLD က ဘာတွေလုပ်တယ်ဆိုတာမျိုး ခွင့်မပြုဘူး။ ကလေးစစ်သားကိစ္စတို့၊ လယ်သိမ်းတာတို့ကို အမှန်အတိုင်းရေးလည်းခွင့်မပြုဘူး”ဟုလည်း ၎င်းက ပြောပြသည်။

သစ္စာသတင်းဂျာနယ်ကို ၂၀၀၈ ခုနှစ် ဇွန်လ ၆ ရက်တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလကလည်း ထိုင်းနိုင်ငံရောက် ကလေးအလုပ်သမားတဦး ၏ ဓာတ်ပုံကိုဖော်ပြခဲ့သဖြင့် နှစ်လ ပိတ်ပင်ခြင်းခံခဲ့ရဖူးသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာသည့် သတင်းနှင့်ဓာတ်ပုံကို မျက်နှာဖုံးတွင်ဖော်ပြခဲ့သဖြင့် သတင်းဂျာနယ် ၉ စောင်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ ထုတ်ဝေသည့် ဂျာနယ်အမျိုးအစားခြောက်မျိုးကို စာပေစိစစ်ရေး တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့်ပြုမည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း ယနေ့အထိ မည်သည့်အချိန် စတင်ခွင့်ပြုမည်ကို တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည် မေလ၂ ရက်နေ့ က ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် သတင်းလွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံပါဝင်ကြောင်းဖော်ပြထားပြီး ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာလွတ် လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုထားသည်။

ှhttp://www.irrawaddy.org/ မှကူးယူဖေါ် ပြပါသည်။

အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်ရနေပြီလား?

ဖိုးရှုပ်လေး

No comments:

Post a Comment