ဖိုးရှုပ်လေးနဲ့ ရွေဝါရောင်တော်လှန်ရေး
ကျနော် အိပ်မှုန်စုံပွားနဲ့ ကျနော် အိပ်ရာထလာတဲ့ မနက်တခုပေါ။့ ကျနော် ပြန်ရတော့မယ် ကျနော် အိမ်ကို။ ။ ကားက မနက် ၇ နာရီထွက်မှာမို့ ကျနော် နာရီကိုကြည့်လိုက်တော့ ၆ နာရီ ၁၅ ရေးကြီးသုတ်ပြာ ကျနော့် သူငယ်ချင်းနှစ်ယောက်လဲ နှိုးရပြန်တယ်။
သတိတချက်ဝင်လာတော့ ငါ့မွေးရပ်ဇာတိကိုပြန်ရောက်နေတာပဲ။ ဇာတိမြေကို ခေတ္တ ခဏ အလည်သဘောမျိုး ရန်ကုန်သား သူငယ်ချင်း ၂ ယောက်ကိုခေါ်ပြီးလာခဲ့တာပါ။ သူတို့ နဲ့ ကျနော် ၅ ရက်လောက်နေပြီး အိမ်ပြန်ဖို့ ကျနော်တို့ ဘစ်ကား ပေါ်တက်နေကြပြီပေါ့။
ရန်ကုန်ရောက်ခါနီး မြို့ အ၀င်မှာ မှတ်ပုံတင်တွေစစ်နေတယ်။ ။ ဘုန်းတော်ကြီးတပါးကို ကျနော်တို့ နယ်ဖက်ပြန်တဲ့ ကားပေါ် စစ်ဆေးရေးတာဝန်ရှိသူတွေက ပြန်တင်ပေးလိုက်တယ်။
“အရှင်ဘုရား ရန်ကုန်ကို နယ်ဘုန်းကြီးတွေသွား လို့ မရပါဘူး’’ တဲ့။
ကျနော်နဲ့ ကျနော့် သူငယ်ချင်း ၂ ယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး စကားလုံးမဲ့မေးခွန်းတွေကို တယောက်နဲ့ တယောက်ကြည့်ပြီး မျက်လုံးတွေနဲ့ ပဲမေးခဲ့ကြတယ်။
ကျနော်တို့ ရန်ကုန်က ကားဝန်းတခုကိုရောက်တော့ အငှားကားတစ်စီး ငှားပြီး ကျနော်တို့ အိမ်ဘက် ဆီကို ကျနော်တို့ ဦးတည်ခဲ့တယ်။ ကားပေါ်ကနေကြည့်တော့ သံဃာတော် တွေတော်တော်များများ သွားသွားလာလာရှိနေတာတွေ့ ရတယ်။ ကားဆရာကို ကျနော် မေးလိုက်တယ် သူတို့ ဘယ်သွားကြမှာလဲလို့ မေးလိုက်တော့ ကြေးသွန်းဘုရားကြီးဆီ သွားကြမှာတဲ့။
“ဒီနေ့တော့ အာဏာပိုင် ကပစ်ဖို့ ခတ်ဖို့ များတယ်၊ ညကတော့ မြန်မာ့ အသံမှာ နဲနဲ ဟစ်ထားတာ အဲဒီလိုလုပ်မဲ့ပုံပဲ” တဲ့။
အိမ်နားရောက်တော့ အိမ်မပြန်သေးပဲ သုံးယောက်သား လေနဲနဲ ပွားချင်တာနဲ့ လ္ဘက်ရည်ဆိုင် ၀င်လိုက်သေးတယ်။ တယောက်က အိမ်ပြန်ရောက်ကြောင်း အိမ်ခဏပြန်ပြောမယ် ဆိုပြီးသူ ထွက်သွားတယ်။ သူပြန်လာတော့ “မာရှယ်လောတဲ့ကွ” (ညမထွက်ရ အမိန့်-၅ယောက်ထက်ပိုမစုရ) ။ သူပြောလိုက်မှ ပတ်ဝန်းကျင်ကို သတိထားမိလိုက်တယ် ကျနော် တို့နောက်ဝိုင်းမှာ ထိုင်နေကြတဲ့ လုံထိမ်းတွေက ကျနော်တို့ ကိုအပိုင်ချက်နေတာ ကိုယ့်ကိုယ်ကို ရာဇ၀တ်ကောင်လားတောင် အောက်မေ့သွားတယ်။ သူ့စကား ကြားကြားချင်းပဲ အိမ်ကိုချင်ချင်းပြန် လိုက်တယ်။
အချိန်က နေ့လည် ၁၂ နာရီ ခွဲတော့မယ် အိမ်ကလူတွေနဲ့ နဲနဲ သတင်းအချက်အလက်လေးတွေ မေးမြန်းနေစဉ်မှာပဲအိမ်ရှေ့ကအော်သံတခုကြားလိုက်တယ်
“ပစ်နေပြီ”
“ဘုန်းကြီးတွေကို ရိုက်တယ်”
“တချို့ ဦးနှောက်တွေတောင် ထွက်တယ်”
“ကျနော်တို့ အဲဒီဘက်ကပြေးလာတာ”
ဒီအသံတွေ ဆုံးရုံပဲရှိသေးတယ်။ နောက်ဆက်တွဲ ထွက်လာတဲ့ အသံကြီးက
“ဂျိန်း” “ဂျိန်း” ။
(မိုးကြိုးပစ်သံ)
ဒီအသံနက်ကြီးက ဗုဒ္ဓဘာသာဝင်တို့ အဖို့ တုန်လှုပ်ချောက်ခြားစရာကြီးပါ။
ကျနော် ဖိုးရှုပ်တယောက် အဆွဲအလမ်း များမရှိပါ။ ဘာသာရေးနှင့် ပက်သက်ပြီးလဲ လေးလေး နက်နက် ဘာမှမတွေးတော့ခဲ့ပါ သို့သော်လဲ ခုလိုကြုံတွေ့ ရမှု အတွက် ကျနော်တုန်လှုပ်မိပါတယ်။
“ဘုရားသားတော် တွေကို ဒီလိုလုပ်တော့ နတ်တွေသကြားတွေ ဘယ်နေတော့ မလဲလုပ်ပြီပေါ့။”
ဆိုပြီး အိမ်ကလူတွေကော အိမ်နီးနားချင်းတွေပါ တသံထဲထွက်လာတယ်။ ဒါဟာ ဗုဒ္ဓဘာသာနိုင်ငံ တစ်ခုအနေနဲ့ ဒီလိုပြောလိုက်ကြတာ အဆန်း မဟုတ်ပါ။
ကျနော် အဲဒီနေ့ ဆူးလေကိုရောက်အောင်သွားပါသေးတယ်။ ကျနော်ရောက်တဲ့ အချိန်က ၄ နာရီကျော်ကျော်ရှိပြီ။ သံဃာတော်တွေ မတွေ့ရတော့ပါ။ ဆူးလေဘုရားရဲ့ လေးဘက်လေးလံ မှာရှိတဲ့ လမ်းတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ပြီး လုံထိန်းတွေ အပြည့်ချထားပါတယ်။ ဆန္ဒပြသူ အချို့ (၁၅၀-၂၀၀ နီးပါးရှိမည်) သံဆူးကြိုးတွေနားကပ်ပြီး အော်ဟစ်ပြီး လုံထိမ်းတွေကို စမ်းသပ်နေပါတယ်။ ကျနော်အိမ်ဘက်ပြန်လှည့်ပြီး ညပိုင်း မတိုင်ခင် မနက်ဖြန် အတွက် သူငယ်ချင်းတချို့နဲ့ ပြင်ဆင်ပါတော့တယ်။
နောက်တရက်မှာတော့ ဟိုအော်ဒီအော် တကျော်ကျော်နဲ့ သံဃာတော်တွေကို လိုက်လံ ရှာဖွေရင်း ကျနော်တို့ သွေးထွက်သံယိုတွေကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီနေ့ပန်းဆိုးတန်း ဆန္ဒပွဲကတော့ မေ့မရစရာပါ။ ကျနော့် ဘ၀မှာ ဘူတယောက်ကို သေနတ်နဲ့ အားရပါးရချိန်ပစ်လိုက်တာ ကိုပထမဦးဆုံး တွေ့လိုက်ရတဲ့နေ့ပါ။ အဲဒီ အပစ်ခံရသူကတော့ ကျောင်းသားလေးတယောက်ပါ။ ရင်ထဲ နင့်ခနဲ ခံစားလိုက်ရခြင်းနဲ့ အတူ ကျနော် ဖိုးရှုပ်အော် ဆဲလိုက်မိပါသေးတယ်။ အာဏာရှင်ရဲ့ ရက်စက်မှု ချိန်းချောက်မှု တွေကြောင့် သံဃာတော်တွေ အရပ်းသား ဆန္ဒပြသူတွေ လျှော့လျှော့ လာပါပြီ။ ပစ်ခတ်မှုနဲ့ ဆန္ဒပြသူတွေ လုံးထွေးနေတဲ့ သွေးစွန်းနေတဲ့ ရွေဝါရောင်ရဲ့ ဒုတိယနေ့ကိုကျနော်ဖြတ်ခဲ့ပါပြီ။
ကျနော် လုံဝ ရပ်မရဘူး ဒီဆန္ဒပြပွဲကိုလဲရပ်မသွားစေ့ချင်ဘူး ဒီတော့ကျနော် နောက်နေ့ ကိုရောက်သွားတယ် သူငယ်ချင်းတယောက်ပါပါတယ်။ ကျနော့် သူငယ်ချင်းကတော့ ကျနော်နဲ့ စသွားဟဲ့ ဆိုတဲ့နေ့ထဲက အတူပါတာပါ။ အဲကျနော်မြို့ထဲရောက်သွားတော့ တွေ့နေပါသေးတယ် လူတွေလူတွေ။ စိတ်ဓါတ်တော်တော် ပြင်းတဲ့လူတွေပါ။ ကျနော်တို့နှစ်ယောက်လဲ တော်တော်အားရသွားတယ်။ သိမ်ကြီးဈေးနားမှာ NLD ကလူတချို့ မထက်ထက်ဦးဝေကတော့ ထင်းနေတာပဲ (NLD ပါတီဝင် တော်လှန်ရေးမတိုင်ခင် ၈၈ ကျောင်းသားများ လောင်စာဆီဈေးနှုန်း နှင့်ပက်သက်ပြီး ဆန္ဒပြစဉ် ကထဲက ပါဝင်ခဲ့သူ) ၊ လူငယ်တချို့လဲ တွေ့တယ်။ သူတို့တွေလမ်း တဖက်တချက်ဆီမှာ ရပ်နေကြတယ်။ လုံထိမ်းတွေကလဲ အယောက်နှစ်ဆယ်လောက်ရှိမယ် လမ်းလျှောက်ပြီး မြို့ထဲလမ်းတွေမှာ ပတ်နေကြတယ်။ အကာအကွယ်အပြည့် လက်နှက်ခဲရမ်း အပြည့်နဲ့ပေါ့။ လမ်းလျှောက်တင်မကပါဘူး ကားတွေနဲ့ လဲပတ်နေကြတယ်။ ကဲဒီလို အခြေအနေမျိုးမှာ ဘယ်လိုလူစုကြမလဲ တွေးမရတဲ့ကြား အပြေးအလွှားရောက်လာသူ တယောက်ကျနော့်ကို တီးတိုးလာမေးတယ် “အကို ဘယ်လိုလဲ” ။ သူ့မေးခွန်းကို ကျနော်သိလိုက်ပါတယ်။ ကျနော် ခေါင်းညှိမ့်ပြလိုက်တယ်။
“ကျနော်ပြောမယ် ဒီပုံလေးတွေကို ရင်ဘတ်ကိုထိုးထား ပြီးရင် ကျနော်တို့ အလံထောင်လိုက်မယ်။ ပြီးတာနဲ့ ကျနော်တို့လက်ခုပ်တီး မယ် အားလုံး အလဲနားကို စုပြီးလာလိုက်ကြ ကျနော်တို့ စမယ်။”
ကျနော် ခေါင်းပြန်ညှိမ့်ပြပြီး၊ သူပေးတဲ့ ပုံလေးဆိုတာကို လှမ်းယူလိုက်ပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ကျပ်တန်) ကျနော် ရင်ထဲအေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရတယ် ကြက်သီးတွေထလာတယ်။ သူတို့ အလံထောင်လိုက်ပြီ။ ကျနော်တို့လဲ လက်ခုပ်တီးပြီးတော့ အလံနားကိုရောက်အောင် သွားလိုက်ကြပါတယ်။ ကျနော်တို့လဲ အနားရောက်သွား တော့။ လမ်းဘေးတဖက်တချက်က လူတွေ ပြီးတော့ ဆိုင်တွေ ဆိုင်တွေထဲက ထွက်လာသူတွေ အားလုံးအားလုံး ဆုံလိုက်တော့ တော်တော်ကိုများတဲ့ လူအုပ်ကြီးဖြစ်သွားတယ်။ ကျနော် အားရစွာ ဒီလူအုပ်ကြီးကို လှည့် ကြည့်လိုက်ချိန်မှာပဲ သူတို့ လာကုန်ကြပါပြီ။ (လက်နက်ခဲရမ်းအပြည့်နဲ့ လုံထိမ်းများ) ရှေ့ရက်တွေမှာ ရက်စက်မှုတွေကိုမြင်ခဲ့ရ ခံခဲ့ရတဲ့ လူထု ဘယ်ခံနိုင်ပါ့မလဲ သူတို့ အပြေးအလွှားလွတ်ရာ ကြွတ်ရာကိုပြေးကြပြီ။
ကျနော်ဖိုးရှုပ် တယောက်လဲ ပြေးသူထဲမှာပါပါတယ်။ ပြေးဆို ပြေးလိုက်တာ ဗိုလ်ချုပ်လမ်းက ပန်းဆိုးတန်းကုန်းအောက် ရောက်ကောပဲ။ ကျနော် အဲဒီဘက်ရောက်တော့ ကျနော်နောက် လူတယောက်လက်လာပုတ်တယ် လှည့်ကြည့်လိုက်တော ခုဏ သိမ်ကြီးဈေးနားမှာ ကျနော့်ကို ရင်ထိုးတွေလာပေးပြီး စကားပြောသွားတဲ့ ရဲဘော်ဖြစ်နေတယ်။ သူကျနော့်ကိုပြောတယ် ကျနော်တို့ လူတွေပါလာအောင်လုပ်ရမယ်။ ဒီတော့ ကျနော်တို့ ပလာဇာဘက်ကိုဆင်းမယ် လိုက်ခဲ့ကြပါ။ ကျနော်ခေါင်းညှိမ့် လိုက်တယ်။ ကျနော်ရယ် ကျနော့် သူငယ်ချင်းရယ် နောက် စုံတွဲတတွဲလဲပါသေးတယ် ၁၅ ယောက်လောက်ရှိမယ်။ ကျနော်တို့ အော်ကာဟစ်ကာ လူတွေပါလာနိုးနဲ့ လျှောက်လိုက်ကြတာ ပလာဇာနားရောက်သော်လဲ ကျနော်တို့ ယခင် ၁၅ ယောက်ထက်ပိုမလာပါ။ သို့ပေမယ့် လဲကျနော်တို့ကို ထောက်ခံတဲ့ အနေနဲ့ လက်ခုပ်တွေတော့ တီးလိုက်ကြတာ လက်ခုပ်သံတွေ လုံးဝဆဲမသွား ပါဘူး။ကျနော်တို့ကို လူတွေဝိုင်းပြောတယ်
“ရှေ့မှာ စစ်တပ်ရှိတယ် ပလာဇာပေါ်မှာ တပ်ဆွဲထားတယ် သွားရင်ပစ်လေ့မယ်”
ပြောရင်းဆိုရင်းပဲ သူတို့ ကျနော်တို့ အဖွဲ့ ကိုမြို့ထဲဘက်သွားတဲ့ကားပေါ်တင်ပေးလိုက်ကြတယ်။ကားပေါ်မှာတော့ ကျနော့်တို့ နဲ့ အတူပါတဲ့ ရဲဘော်ကတော့ အသံမဆဲ ကားပေါ်ကလူတွေ ကိုတရားဟောနေပါတယ်။ လောင်ဆာဆီနဲ့ ပက်သက်တာတွေ၊ ပြည်သူတွေရဲ့ ခံစားနေရတာတွေ၊ ကျနော်တို့ ဘာကြောင့်ပါဝင် နေရတာတွေ ကိုသူသေသေချာချာကို ပြောပြနေပါတယ်။
ကျနော်တို့ မြို့ထဲလဲရောက်ရော လမ်း (၃၉) နဲ့ ဗိုလ်ချုပ်လမ်း ထိမ်မှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ ဆန္ဒတွေ ထုတ်ဖေါ်နေကြတာ ယောက် ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတယ်။
ကျနော်တို့ကိုမြင်တော့
“ကျောင်းသားတွေလာနေကြပြီ”
ဆိုပြီး အော်ကြတယ်။ သူတို့တွေခေါင်းဆောင်မှုတခုလိုအပ်နေတယ် ဒါကြောင့် ကျနော်တို့ကိုမြင်တော့ အားပါးတရအော်လိုက်ကြတာပေါ့။ သို့ပေမယ့်လဲ မတရားတာတွေတွေ့လို့ ဆန့်ကျင်ကြတာ အတူတူပါပဲ ကျနော်တို့မှာ ဘာအတွေ့ အကြုံ ဘာသင်ခန်းစာမှမရှိခဲ့ကြပါဘူး ကျနော်တို့ ဦးဆောင်ချင်ပါတယ် သို့ပေမယ့် ဦးမဆောင်နိုင်ခဲ့ပါဘူး။ စိတ်လဲမကောင်းဘူး ကျနော်တို့ သင်ယူစရာတွေရှိ နေသေးပါတယ်။ အဲဒီနေ့ကျနော်တို့ ခဏလေးဆိုတဲ့ အချိန်အတွင်း လုံထိန်းတွေ အတင်းဝင်လာပြီး ရိုက်ကြနှက်ကြပြေး ကြလွှားကြနဲ့ ကျနော်လဲ အိပ်ပြန်ရောက်ခဲ့ပါတယ်။
အိမ်ကိုသာရောက်တာ ကျနော် မနက်ဖြန် အတွက်တွေးနေပါသေးတယ် သို့ပေမယ့်လဲ ကျနော်ဘယ်လို ခေါင်းဆောင်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာကြီးကိုတော့ ကျနော် တွေးမရဖြစ်နေရင်း ကျနော့် အိမ်ခေါင်းရင်းက လူကြီးတယောက်က “ဒီကနေရှောင်နေပါတော့”
လို့လာပြော တဲ့ အချိန်မှာ ဒီတော်လှန်ရေးကြီးကို ကျနော်လက်လွှတ်ရတော့မယ် ဆိုတာကို သိလိုက်ရပါတော့ တယ်။ ကျနော်လဲ နယ်မြို့လေးတစ်မြို့မှာ အတန်အကြာနေခဲ့ပါတယ်။
လွမ်းမိပါသည် အတူလှုပ်ရှားခဲသော သူငယ်ချင်းရဲဘော်များ၊ ကျနော်တို့ ခေါင်းမဆောင်နိုင်ခဲ့သော အချိန်ကာလများ အားလုံကိုလွမ်းနေမိပါသည်။ ရက်တွေနှစ်တွေသာ ပြောင်းသွားသည် အတူ ၏တွဲလျှောက်ခဲသော ရဲဘော်များနှင့်လဲ တစ်ကြိမ် တစ်ခါမျှ ပြန်လည် မဆုံမတွေ့တော့ပါ။
ကျနော်တို့ လူငယ်တွေ လေ့လာရပါလေ့ဦးမည်။ သို့သ်ေလဲ ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးက ပေးလိုက်တဲ့ သတ္တိတွေ၊ သင်ခန်းစာတွေ၊ အတွေ့ အကြုံတွေ အများကြီး ရခဲ့ပါသည်။ နောင်လာမည့် လှုပ်ရှားမှုများခု အတွက် ကျနော်တို့ အားမွေးကြရမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ အတွေ့ အကြုံ တစ်ခုကိုမျှဝေခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်အခါက အချက်အလက်များ၊ လှုပ်ရှားမှုများ၊ နှင့် အာဏာရှင်၏ ရက်စက်စွာဖြိုခွင်းမှုများကိုရေးချင်ပါသေးသည်။
ဖိုးရှုပ်လေး