Saturday, July 17, 2010
မနှစ်က ၁၉ ဇူလိုင် နဲ့ ကျွန်တော်
ဒီနေ့က ဘာနေ့လဲ ဆိုတာကိုတော့ ကျွန်တော့်ရဲ့ အဖေက စလို့ နံနက် ၇ နာရီလောက်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံအလံကို တစ်ဝက် လျှော့ချပြီး ကျွန်တော်တို့အိမ်ရှေ့မှာ အလံကို စိုက်ထူလိုက်ပါတယ်။ နောက် အမေက အိမ်က ဘုရားမှာဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ အတွက် ဆွမ်းကပ်ပါတယ်။နောက်ပြီး အဖေက ကျွန်တော့်ကို သူ့ဖုန်းမှာ (၁၀း၃၅) Alarm ပေး ပေး ပါ ဆိုလို့ ကျွန်တော် Alarm ပေး ပေး ရသေးတယ်။ ပြီးမှ အဖေက အနက်ရောင် ၀မ်းဆက် ၀တ်ပြီး သူ့အလုပ်ကို ထွက်သွားပါတယ်။
ဒါနဲ့ ကျွန်တော် လက်ဖက်ရည်သောက်မယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ထွက်ခဲ့ပါတယ်။ မထင်မှတ်စရာပဲဗျာ။ ကျွန်တော်တို့ရပ်ကွက်ထဲက ကျွန်တော်မထင်မှတ်ထားတဲ့ လူငယ်တချို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောနေကြတယ်ဗျ။ ကျွန်တော် တော်တော် ၀မ်းသာသွားတယ်ဗျာ။ ကျွန်တော်လည်း သူတို့ကိုအာဇာနည်တွေရဲ့ အကြောင်းတွေပြောပြပြီး ကျွန်တော်စီစဉ်ထားတဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် အနက်ဝမ်းဆက်ဝတ်ပြီး ရွှေတိဂုံ သွားဖို့ ပြင်ဆင် ကြပါတယ်။
အဲ.........ကျွန်တော်တို့ ထွက်လာတော့ လမ်းထိပ်မှာ ထီသည် တစ်ယောက်က (အာဇာနည်နေ့)သီချင်း ကိုဖွင့်လို့ဗျ။ ကျွန်တော်တို့မှာ မျက်ရည်တွေတောင် လည်လာတယ်ဗျာ။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့က အနက်ရောင် ၀မ်းဆက်တွေနဲ့ဆိုတော့ ဟိုလူကြည့် ဒီလူကြည့်ပေါ့ဗျာ။ ဒါလည်းကျွန်တော်တို့က လူငယ်တွေဆိုတော့ နည်းနည်းတော့ ဂုဏ်ယူမိတာပေါ့ဗျာ။
ကျွန်တော် ရွှေတိဂုံကို Bus ကားစီးပြီးသွားပါတယ်။အဲ ကျွန်တော်တို့လိုင်းကားက NLD ရုံးရှေ့ရောက် တော့ မနက် (၁၀း၃၅) ဗျ။ ချိန်ကိုက်ထားလား အောက့်မေ့ရတယ်ဗျာ။ အဲဒီမှာပါတီဝင်တွေနဲ့ အရပ်သားတွေ ၁၅၀၀-၂၀၀၀ လောက် ရှိမယ်ထင်တယ်။ သူတို့က တစ်ဖက် က ဗိုလ်ချုပ်အောင်ဆန်းပုံကိုကိုင် တစ်ဖက် က ဖယောင်းတိုင် လေးတွေကို ကိုင်ပြီး တစ်မိနစ် ငြိမ်သက်အလေးပြုတယ်ဗျ။ တချို့လူတွေက ဗိုလ်ချုပ်စတစ်ကာပါ အင်္ကျီအဖြူတွေနဲ့။ တချို့က ဗိုလ်ချုပ်နဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည် စတစ်ကာပါ အင်္ကျီ တွေနဲ့။ တချို့က အာဇာနည် ခေါင်းဆောင်ကြီးတွေပါတဲ့ ရင်ထိုးတွေနဲ့ဗျ။ ကျွန်တော် သူတို့ကို ကြည့်ပြီး ကြက်သီးတွေ တောင် ထ သွားတယ်ဗျာ။ ကားပေါ်က လူတွေကလည်း တစ်ယောက် တစ်ပေါက်ပေါ့ဗျာ-
"သူတို့လို............ငါတို့မလုပ်နိုင်ဘူး"
"ငါတိုလည်း........ဒီနေ့........ဆွမ်းကပ်တယ်"
"တို့ကခု.........ဘုရားသွားမှာလေ"တို့ပေါ့ဗျာစုံရော။
အော ဒီကြားထဲ ကားစပယ်ယာလေးက ဘာပွဲလဲဆိုလို့ ကျွန်တော် အသိပေးလိုက်ရသေးတယ်ဗျ။ အဲဒီတော့မှ သူ့ခမျာ "အော်" ဆိုတဲ့ အသံလေးက တစ်မျိုးပဲဗျာ။ ဒါနဲ့ ကျွန်တော်တို့အရှေ့ဘက်မုခ်က တက်မယ်ဆိုပြီး အုတ်လမ်းမှတ်တိုင်မှာ ဆင်းလည်းဆင်းလိုက်ရော အောင်မလေး စွမ်းအားရှင်တွေမှ နည်းတာမဟုတ်ဘူး။ BM တွေ ဒိုင်နာတွေ (၁၅) စီးလောက်ရှိတယ်။ အပြည့်ပဲဗျ။ အော်မေ့နေလို့ ကျွန်တော် တို့ကား NLD ရုံးရှေ့ မရောက်ခင် လမ်းထိပ် မှာလည်း လုံထိန်းကားတွေ- ဒါတွေလည်း ၁၅စီး လောက်ရှိမယ်။ လက်နက်တွေဒိုင်းတွေနဲ့အပြည့်ဗျ။
အော်........ ကျွန်တော်ထင်ပါတယ်။ သူတို.တာဝန်အရ မလို.ပါ သူတို.လည်း လူများတွေ အာဇာနည်တွေအတွက် ကောင်းမှုအမျိုးမျိုး လုပ်နေကြချိန်မှာ သူတို့လည်း ဘယ်လိုလုပ် သေနတ်ကြီးတွေ ကိုင်ထား ချင်ပါ့မလဲလို့။ ဟိုစားလို့ ၀နေတဲ့ ဗိုက်ပူကြီးတွေခိုင်းလို့သာ လုပ်နေရတယ်လို့ ထင်ပါတယ်။ အဲဒါထားပါအုံး ကျွန်တော်တို့ အရှေ့ဘက်မုခ်ရောက်တော့ အရှေ့ဘက်မုခ် ပိတ်ထားတယ်ဗျ။ လူတစ်ယောက် ကပြောပါတယ်။ "ရှေ.မှာလမ်းကြမ်းတယ် ဒီဘက်က သွားရင် ဘုရားရောက်ပါတယ်" တဲ.့။ ဟုတ်တယ်ဗျ ။ ရှေ့ကိုကြည့်လိုက်တော့ အစာဝနေတဲ့ ဗိုက်ပူ ထောက်လှမ်းရေး ပေါက်စတွေဗျ သူတော်ကောင်းယောင်ဆောင်ပြီး လည်ဂတုံးအဖြူတွေနဲ့လေ။ တောင်ဘက်မုခ်ရောက်တော့ သုံးယောက်သား ဖိနပ်လေးတွေချွတ် ဘုရားပေါ်လည်းတက်ရော လုံခြုံရေးဆိုတဲ့ အကိုကြီးတွေက ကျွန်တော့်လွယ်အိတ်ကို ယူစစ်တယ်ဗျ။ ဘာမှမပါပါဘူး...။ ကျွန်တော် တနင်္ဂနွေနေ့တိုင်း English သင်တန်းတက်တော့ လွယ်အိတ်ယူလာတာ ပေါ့ဗျာ။ ကျွန်တော်တို့က အနက်ဝမ်းဆက်တွေနဲ့ဆိုတော့ သေချာကိုစစ်တာဗျ .... အားလုံးသိအောင်ပြောရအုံးမယ် (ကျွန်တော်တို့က ဘုရားကို ဖြိုမယ့် လူတွေမဟုတ်ပါဘူး......။ ဘုရားက တည်တဲ့သူမဟုတ်ရင် သူ့ဖာသာသူပြိုတာပါနော်)။
ကျွန်တော်တို့ ဘုရားပေါ်လည်းရောက်ရော မိုးကစရွာတော့တာပါပဲ...။ ဒါ ၁၉ ဇူလိုင် ဆိုတာကို မိုးမင်းကြီးက ပြလိုက်တာပါပဲဗျာ။ ဟောပြီးတော့ ဗိုက်ပူကိုယ်တော်တွေက icom တွေကိုင်ပြီး ကျွန်တော်တို.နောက် ကို ခိုးကြောင်ခိုးဝှတ်နဲ့ တကောက်ကောက် လိုက်နေတယ်ဗျ။ ကျွန်တော်တို့အောင်မြေမှာ ဘုရားရှိခိုးပြီး ကျွန်တော်တို့နဲ့ ချိန်းဆိုထားတဲ့ အနက်ရောင် ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တွေ့လိုက်ရတယ်ဗျ။ သူတို့လည်း သူတို့ဖာသာသူတို့ ဆုတောင်းရေချမ်းကပ်တွေ လုပ်နေကြတာပေါ့ဗျာ။ တချို့လူတွေက အာဇာနည်နေ့ မလို့ ဘုရားလာကြတာလားလို့ ကျွန်တော်တို့ကို မေးပြီး သူတို့လည်း အာဇာနည်နေ့မို့ ဘုရားလာ ဆုတောင်းပေးကြတာလို့ပြောပါတယ်။
ကျွန်တော်တို့လည်း ဘုရားက အေးအေးဆေးဆေးပဲ ပြန်ဆင်းလာပြီး English သင်တန်းကို Bus Car စီးပြီးသွားခဲ့ပါတယ်။ အဲ ကျွန်တော်တို့ Bus Car (NLD) ရုံးရှေ့ရောက်တော့ စွမ်းအားရှင်တွေမှာ တစ်နေ့လုံး မိုးရွာထားတော့ အားလုံးက ချမ်းလွန်းလို့ တုန်တောင် တုန်နေကြပါတယ်။ သူတို့ခမျာမှာလည်းဗျာ ဘုမသိ ဘမသိနဲ့ တချို့ဆို ဗိုလ်ချုပ်ကိုတောင် မသိတဲ့ လူတွေဗျ။ သနားပါတယ်ဗျာ။ NLD ရုံးထဲကနေ NLD လူငယ်တွေ ရွှေတိဂုံဘုရား ကို သွားဖို့ ၂ ယောက် တစ်တွဲ စီ စီတန်းလျှောက်လာတာ စည်းကမ်းရှိလိုက်တာဗျာ။ အယောက် ၅၀ လောက်ရှိမယ်ဗျ။ လုံထိမ်းကားတွေရှေ့က ရဲရဲရင့်ရင့်ပဲ ဖြတ်လျှောက်သွားကြတာဗျာ။ ကျွန်တော်ဒီလူငယ်တွေကိုအရမ်းလေးစားတယ်ဗျာ။
ကျွန်တော်တို့ သင်တန်း ရောက်တော့ ဆရာက Who really killed Aung San? အကြောင်း ကိုပြောပြတယ်ဗျ။ သင်တန်းက အပြန် အိမ်ပြန် ရောက်တော့ ည ၈း၀၀ ရှိပြီ။ သီတင်းကြည့်မယ် ဆိုပြီး TV ဖွင့်ကြည့်တော့ တော်တော် အရေးမကြီးတဲ့ သတင်းတွေ အရင်လာတယ်။ အားလုံးပြီးမှ အာဇာနည်နေ့ အခမ်းအနားလာတယ်ဗျ။ ဗိုလ်ချုပ် မိသားစုထဲက ဦး အောင်ဆန်းဦး ကိုယ်စား ဘယ်သူကပန်းခွေ လာချတယ် ဆိုတာပဲပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဘယ်သူတွေ တက်ရောက်တယ်ဆိုတာလည်း မပါဘူးဗျ။ ဒီသတင်းကို မိနစ်ပိုင်းနဲ့ပြီးသွားတာ အားလုံး အသိပါ။
အော်....... ကျွန်တော့်အထင်ပြောရရင် နောက်ဆို အာဇာနည်နေ.အခမ်းအနားတောင် လုပ်ပါတော့မလား......။
အာဇာနည်ခေါင်းဆောင်ကြီးတွေကို မေ့လိုက်ကြပြီ လားလို့.................................။
အားလုံးကိုပြောချင်တာကတော့-
သူတို့ဟာ မလုပ်သင့်မလုပ်ထိုက်သည့် အရာများကို အလေးထားပြု လုပ်နေကြပြီး
လုပ်သင့်လုပ်ထိုက် သည့် အရာများ ကို လစ်လျှု ရှုထားကြပါသည်။
သို့သော် ကျွန်တော်တို့လူငယ်များသည် လုပ်သင့်လုပ်ထိုက်သည့် အရာများကို ပြည်သူများနှင့် ပူးပေါင်းပြီး လုပ်ကိုင် သွားပါ မည်။ ။
အသစ်လဲ မရေးနိုင်တော့ ဒါလေးပဲပြန်တင်လိုက်ပါတယ်......
ဖိုးရှုပ်၎
Subscribe to:
Post Comments (Atom)
No comments:
Post a Comment