Tuesday, July 20, 2010

အာဇာနည်များ မျှော်မှန်းခဲ့သော ဗမာနိုင်ငံ



ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၃)နှစ်ပြည့် အာဇာနည်နေ့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၆၃) နှစ်အချိန်ကာလဟာ အင်္ဂလိပ်ကိုလိုနီလက်အောက် ဗမာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလ၊ အတိအကျပြောရရင် တနှစ်အတွင်း လွတ်လပ်ရေးအရယူမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အဲဒီ့ ခေတ် ကာလက နိုင်ငံရေးခေါင်းဆောင်တွေ သံဓိဌာန်ချပြီး လွတ်လပ်ရေးရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းနေတဲ့ အချိန်ဖြစ်ပါတယ်။

အဲဒီအချိန်ကာလမှာပဲ ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့၊ လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ် နေကြတဲ့ ဗမာ့နိုင်ငံရေးခေါင်းဆောင်တွေဟာ အတွင်းဝန်များရုံးမှာ အစိုးရအဖွဲ့အစည်းအဝေးလုပ်နေချိန်မှာပဲ၊ ဂဋုန် ဦးစောရဲ့ သေနတ်သမားတွေဖြစ်ကြတဲ့ ရန်ကီးအောင်သက်နှင်း၊ မောင်စိုး၊ စိန်ကီးတို့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။

ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်တွေကတော့ အားလုံးသိကြတဲ့အတိုင်း ---

1 ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

2 သခင် မြ (၁၈၉၇ - ၁၉၄၇)

3 ဦးဘချို (၁၈၉၃ - ၁၉၄၇)

4 ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

5 မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

6 မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

7 ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

8 ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

9 ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

တို့ဖြစ်ကြပါတယ်။

အဲဒီ့အာဇာနည်တွေဟာ ခေါင်းဆောင်ပိုင်းတာဝန်တွေယူပြီး တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ် နေကြသူတွေဖြစ်ပါတယ်။

ဒီနေရာမှာ အာဇာနည်ခေါင်းဆောင်တွေ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လွတ်လပ်ရေးရရှိရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တချို့ကို နည်းနည်း တင်ပြချင်ပါတယ်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး၊ ဗမာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်စဉ်ထဲမှာ “ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး(ဖဆပလ)”ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကို တည်ထောင်ထားခဲ့ပြီးပါပြီ။ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲနေကြတဲ့အချိန်ဖြစ်ပါတယ်။

အဲဒီ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၄၅ ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့မှာ နေသူရိန်ကဇာတ်ရုံကြီးမှာ လူထု အစည်း အဝေးကြီးတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီ့ လူထုအစည်းအဝေးကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းက အဆိုတရပ် တင်သွင်း ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့အဆိုက ဒီလိုပါ ---

(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါ တယ်။ ဒုတိယအဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြု ပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယအနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခုဖြစ်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံး ညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။

ဒီအဆို(၃)ရပ်ကို နေသူရိန်လူထုအစည်းအဝေးကြီးကနေ တခဲနက်ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ ဒါဟာ ဗမာ နိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် လမ်းညွှန်ချက်တွေလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတလျှောက်မှာ ဒီအဆို(၃)ရပ်ကို အကောင်အထည်ဖေါ်တဲ့လုပ်ငန်းစဉ်တွေကို အားကြိုး မာန်တက် လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။

နေသူရိန် လူထုအစည်းအဝေးကြီးနဲ့ပတ်သက်ပြီး ‘တို့ဗမာအစည်းအရုံးသမိုင်း’ စာမျက်နှာ ၅၈၈ တွင် အခုလို ဖေါ်ပြခဲ့ပါတယ်။

“ဤလူထုအစည်းအဝေးကြီးသည် ဗြိတိသျှစစ်အုပ်ချုပ်ရေးအောက်တွင် ပထမဦးဆုံး အစည်းအဝေးဖြစ်ရုံမျှမက ဗမာ ပြည်သူတို့၏ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် အလွန်အရေးကြီးသော မှတ်တိုင်တခုဖြစ်ပေသည်။ အဘယ် ကြောင့်ဆိုသော် အနာဂတ်လွတ်လပ်ရေးတိုက်ပွဲအတွက် အရေးကြီးသော အမျိုးသားရေးလမ်းစဉ်တရပ်ကို ထိုလူထု အစည်းအဝေးကြီးမှ ခေါင်းဆောင်များစုညီ၊ ပါတီအဖွဲ့အစည်းများစုံညီ၊ တပ်မတော်သားများနှင့် လူထုအစုံအညီ ရှေ့မှောက် တွင် အခိုင်အမာ ချမှတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်”

အရေးကြီးသော အမျိုးသားရေးလမ်းစဉ်တရပ်ဆိုတာဟာ နေသူရိန်လူထုအစည်းအဝေးကြီးမှာ ဖဆပလအဖွဲ့ ချုပ်ကြီးကို ကိုယ်စားပြုပြီး ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့အဆိုတွေပါပဲ။ အဲဒီ့နောက် နေသူရိန်လူထုအစည်း အဝေးကြီးကနေ ဗမာ့နိုင်ငံရေးခေါင်းဆောင်တွေ အိပ်မက်မက်ခဲ့ကြတဲ့ လွတ်လပ်တဲ့၊ ဒီမိုကရေစီရှိတဲ့၊ ငြိမ်းချမ်းတဲ့ ဗမာနိုင်ငံကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားခဲ့တာဟာ နောက်ဆုံး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ လွတ်လပ် ရေး ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဗမာနိုင်ငံရေးခေါင်းဆောင်တွေဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပြီး အာဇာနည်များအဖြစ် ကျဆုံးခဲ့ရတာကြောင့် လွတ်လပ်ရေးရရှိခဲ့တဲ့ အချိန်မှာတော့ အာဇာနည်ခေါင်းဆောင်တွေ မရှိတော့ပါဘူး။

အာဇာနည်ခေါင်းဆောင်တွေ မရှိတော့တဲ့နောက်ပိုင်း၊ လွတ်လပ်ရေးရပြီး ဗမာပြည်အခြေအနေကို ပြန်ကြည့် တဲ့အခါ အရေးကြီးတဲ့သမိုင်းအဖြစ်အပျက်တွေကို အခုလိုတွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး(၈၃)ရက်အကြာ ၁၉၄၈ ခုနှစ် မတ်လ(၂၈)ရက်နေ့မှာပဲ ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရတယ်။ ဒီပြည်တွင်းစစ်မီးကြီးဟာ ဒီနေ့အထိ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီးကြီးပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံလည်း မိမိတို့တိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတွေကို ကာကွယ်ဖို့အတွက် ပြည်တွင်းစစ်ထဲ ပါဝင်လာခဲ့ရတယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာပဲ ၁၉၅၈ ခုနှစ်မှာ ပထမအကြိမ်စစ်အာဏာသိမ်းမှုဖြစ်၊ နောက်ဆုံးတော့ ဗမာ ပြည်ကြီးဟာ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ ဒုတိယအကြိမ်စစ်အာဏာသိမ်းမှုနဲ့အတူ ပြည်တွင်းစစ်မီးကြီးကို ထွေးပိုက်ထားရရုံသာမကဘဲ စစ်အာဏာရှင်နိုင်ငံအဖြစ် ကျရောက်သွားခဲ့ရတာ ဒီနေ့အထိပါပဲ။

ဒီနေ့ ကျနော်တို့ ဗမာပြည်ရဲ့ စစ်အာဏာရှင်သက်တမ်းဟာ နှစ်ပေါင်း (၄၈)နှစ်ရှိခဲ့ပါပြီ။

တကယ်တော့ စစ်အာဏာရှင်စနစ် နိုင်ငံဆိုတာ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့စနစ်၊ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့ ဗမာပြည်မဟုတ်ပါဘူး။ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့ ဗမာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံ စည်းလုံး ညီညွတ်ရေး အခြေခံပေါ်မှာ လွတ်လပ်တဲ့ ခိုင်မာတဲ့ဖွဲ့စည်းပုံတရပ်ရှိတဲ့၊ မျိုးချစ်တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်သစ်တရပ်ရှိတဲ့နိုင်ငံတော်ပါ။

နှစ်ပေါင်း (၄၈)နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင်ခေတ်တလျှောက်လုံးကို ပြန်ကြည့်ရင် တပ်မတော် ဆိုတာဟာ ၁၉၆၂၊ ၁၉၇၄-၇၅-၇၆ ခုနှစ် ကျောင်းသားတိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲတွေမှာ ရဟန်းရှင်လူ၊ ကျောင်း သားပြည်သူ ရာပေါင်းများစွာကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တဲ့စစ်တပ်၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထု အုံကြွမှုကြီးနဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်အရေးတော်ပုံကြီးမှာလည်း ကိုယ့်ပြည်သူကို ရက်ရက် စက်စက် ပစ်သတ်ခဲ့တဲ့ စစ်တပ်ပါ။ စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေ ထောင်သောင်းချီ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရပြီးပါပြီ။

ဒါကို ကြည့်ရင် အခုစစ်တပ်ကြီးဟာ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့စစ်တပ်မျိုး မဟုတ်တော့ဘဲ စစ်အုပ်စု ထိပ်သီး တချို့ရဲ့ အသက်အိုးအိမ်စည်တွေကို အကာအကွယ်ပေးပြီး၊ ပြည်သူလူထုကို ဖိနှိပ်တဲ့စစ်တပ်ဖြစ်နေပြီဆိုတာ ထင်ရှား ပါတယ်။

တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးအခြေခံပေါ်မှာ လွတ်လပ်တဲ့ ခိုင်မာတဲ့ဖွဲ့စည်းပုံတရပ်ရှိရေးနဲ့ ပတ် သက်ပြီး ဗမာပြည်သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံဆိုတာကို ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းမှုနဲ့ အဓမ္မဖျက် သိမ်းခဲ့ပြီး၊ ၁၉၇၄ ခုနှစ် တပါတီစနစ်ဖွဲ့စည်းပုံနဲ့ အစားထိုးခဲ့တာတွေ့ရပါတယ်။ ၁၉၇၄ ခုနှစ် တပါတီအာဏာရှင်စနစ် ဖွဲ့စည်း ပုံဟာ ပြည်သူလူထုအကျိုး၊ တိုင်းရင်းသားလူမျိုးတွေရဲ့အကျိုးစီးပွားကို ဘယ်လိုမှအကာအကွယ်ပေး အကျိုးမဆောင်တဲ့ အတွက် ၁၉၈၈ ခုနှစ် လူထုတိုက်ပွဲနဲ့ ဖျက်သိမ်းခံခဲ့ရပါတယ်။

တပါတီအာဏာရှင်စနစ်ဖွဲ့စည်းပုံကို ဖျက်သိမ်းအပြီး အနှစ်(၂၀)အကြာမှာ စစ်အုပ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အတုအယောင်အမျိုးသားညီလာခံနဲ့ တဖက်သတ်ရေးဆွဲပြီး၊ နာဂစ်မုန်တိုင်းကြောင့် ဗမာပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေကြရတဲ့အချိန်မှာပဲ ဇွတ်အဓမ္မ တဖက်သတ် အတည်ပြုခဲ့ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လေ့လာကြည့်တဲ့အခါ စစ်အာဏာရှင်စနစ်ကပဲ ဆက်လက်အုပ်ချုပ်မယ့် အ ချက်ပေါင်း (၁၇) ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာ တွေ့ရပါတယ်။ ကျနော် ဒီစာတမ်း မှာ ရှည်လျားနေမှာစိုးတဲ့အတွက် အဲဒီ့အချက်(၁၇)ချက်ကို ထည့်မပြောတော့ပါဘူး။ စိတ်ဝင်စားတယ်ဆိုရင် အဲဒီ့အချက် (၁၇)ကို သီးခြားထုတ်ပေးထားပါတယ်။ အဲဒါကို စစ်အာဏာရှင်တို့ရဲ့ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နဲ့ တိုက်ဆိုင် လေ့လာ ကြည့်လို့ရပါတယ်။

ဒီအချက်တွေအရ ၂၀၁၀ ရွေးကောက်ပွဲပြီး အသက်ဝင်တော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဟာ စစ်အာဏာ ရှင်စနစ်က တရားဝင် အုပ်ချုပ်တော့မယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဟာ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးတွေကိုလည်း ဘာအာမခံချက်မှ ပေးမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေပါတယ်။ အတုအယောင်ပြည်ထောင်စုဖွဲ့စည်းပုံဖြစ်ပြီး၊ အမှန် စင်စစ်က စစ်တပ်ကြီးစိုးတဲ့ တပြည်ထောင်စနစ်ဖွဲ့စည်းပုံအနှစ်သာရသာဖြစ်နေကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ တိုင်းရင်းသားလူမျိုးတွေနဲ့သက်ဆိုင်တဲ့ လွှတ်တော်တွေမှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ ဥပဒေ ပြုရေးအာဏာတွေကို ဗဟိုကသာ ၀င်ရောက်စွပ်ဖက်လုပ်ကိုင်ဖို့ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။

ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲအလွန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နဲ့ အုပ်ချုပ်တော့မယ့်ကာလမှာ ဗမာပြည် အခြေအနေဟာ ပြည်တွင်းစစ်ပိုမိုတောက်လောင်နိုင်တဲ့ အနေအထားရှိကြောင်းကို ဒီနှစ်အစောပိုင်း ဇန်န၀ါရီ (၂၅) ရက် နေ့ကနေ (၂၉)ရက်နေ့အထိ အရှေ့တီမောမှာ ကျင်းပခဲ့တဲ့ The Student Solidarity Conference 2010 မှာ တင်သွင်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)ရဲ့"Boycotting 2010 election in Burma and regional peace in the future" စာတမ်းမှာ အခုလို ဖေါ်ပြခဲ့ပါတယ်။

After the 2010 Election

Therefore, the SPDC neglect the Shwe Gone Dine Declaration and continue their 2010 election with current 2008 constitution will be prolonging of military rule. That is meant all the rights of civilian and minorities rights will abandon and silence.

That is another meaning to hold the arms to protect their own ethnics and civilian rights.

That is prolonging of civil wars and more political conflicts in Burma. That will be another challenge to neighboring countries and for this region. The strong evident of conflict is more than 60 years of civil wars and public discontentment of Saffron Revolution in 2007 on Burma soils.

၂၀၁၀ ရွေးကောက်ပွဲပြီးသော် …

ဒါကြောင့် ဒီနေ့ ဗမာပြည်နိုင်ငံရေးအခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့သွားမယ့် တိုင်းပြည်ရဲ့ အနာဂတ် မှာ ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်တွေကို လစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်လုပ်သွားမယ်ဆိုရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဟာ ဆက်လက်တည်တံ့နေမယ်၊ ပြည်သူလူထုနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးတွေဟာ ဆုံးရှုံးမြဲ ဆုံးရှုံးနေမှာဖြစ်ပါတယ်။

အဲဒါဆိုရင် တိုင်းရင်းသားလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာလည်း ဘယ်တော့မှ ရပ်ဆိုင်းသွား မှာမဟုတ်ပါဘူး။

နိုင်ငံတနိုင်ငံမှာ ပြည်တွင်းစစ်ဆက်လက်ရှိနေဦးမယ်၊ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လက်ရှိနေဦးမယ်ဆိုရင် ဒေသ တွင်းနိုင်ငံတွေကို ရိုက်ခတ်မြဲဖြစ်ပါတယ်။ ဒါကို ဗမာပြည်ရဲ့ အနှစ်(၆၀)ကျော်ကြာတဲ့ ပြည်တွင်းစစ်နဲ့ အခုနောက်ဆုံး ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ နိုင်ငံရေးတိုက်ပွဲတွေက သက်သေပြခဲ့ပြီးပါပြီ။”

အဲဒါအပြင် အဲဒီ့စာတမ်းမှာပဲ ၂၀၁၀ ရွေးကောက်ပွဲလွန်အခြေအနေနဲ့ပတ်သက်ပြီး အခုလိုကောက်ချက်ဆွဲခဲ့ပါ တယ်။

Conclusion

If we do not boycott 2010 election, 2008 Constitution will be ratified after 2010. And then, the civil war will be progressed. Still, it will make regional peace lost. It will be interruption of ASEAN’s aims and objectives. The more fled of refugees to Thailand, China and India. This is why we need to boycott the SPDC 2010 planned election in Burma and international.”

နိဂုံး

၂၀၁၀ ရွေးကောက်ပွဲကိုသာ ကျနော်တို့အနေဖြင့် သပိတ်မမှောက်ဘူးဆိုရင်၊ ၂၀၁၀ အလွန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။ အဲဒီ့နောက် ပြည်တွင်းစစ်ဟာ ဆက်ဖြစ်နေလိမ့်ဦးမယ်။ ဒေသတွင်း ငြိမ်း ချမ်းရေးဟာလည်း ကွယ်ပျောက်နေဦးမှာပဲ။ အာဆီယံရဲ့ ဒေသတွင်းရည်မှန်းချက်တွေလည်း အနှောင့်အယှက်ဖြစ်နေလိမ့် ဦးမှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ဒုက္ခသည်တွေ ပိုများလာလိမ့်ဦး မယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ သပိတ်မှောက်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။”

ဒီအခြေအနေတွေကို ကြည့်ရင် ၂၀၁၀အလွန်ကာလမှာ ပေါ်လာမယ့် အနာဂတ်နိုင်ငံတော်ဆိုတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၃)နှစ်ကျော်က အာဇာနည်တွေ မျှော်မှန်းခဲ့သလို တိုင်းရင်းသားလူမျိုးစုတွေအားလုံး သွေးစည်း ညီညွတ်တဲ့၊ ခိုင်မာတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံတရပ်ရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ မှေးမှိန်နေသေးတဲ့ အကြောင်း၊ အာဇာနည်တွေ မျှော်မှန်းတဲ့ နိုင်ငံတော်သစ်ကိုရောက်ဖို့ ဆက်လက် တိုက်ပွဲဝင်သွားကြရဦးမယ့် အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။


မောင်ယဉ်ခိုင်


No comments:

Post a Comment