Tuesday, April 6, 2010

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး KIA အဖွဲ့ ဖိအားပေးခံနေရခြင်း

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး KIA အဖွဲ့ ဖိအားပေးခံနေရခြင်း

စစ်အစိုးရသည် ၄င်းတို့နှင့်ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အပေါ် နယ်ခြားစောင့်တပ်များအဖြစ် ဖွဲ့စည်းရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေး တိုက်တွန်းလျက် ရှိနေရာတွင် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ အနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို ယနေ့အချိန်ထိ ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဆွေးနွေး အဖြေရှာနေဆဲဖြစ်ကြောင်း လိုင်ဇာမှ အမည်မဖော်လိုသူ KIA တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

KIO ခေါင်းဆောင်အများစုမှာ အသက်အရွယ်ကြီးလာသည့်အားလျော်စွာ စစ်အစိုးရ၏မူဝါဒအတိုင်း အသွင်ကူးပြောင်းရေးလုပ်ဆောင်လိုကြသော်လည်း အလယ်အလတ်ခေါင်းဆောင်ပိုင်းအချို့ကမူ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံလိုသူများရှိနေသည့်အတွက် ဘေးကြပ် နံကြပ်ဆိုက်နေရသည်။ လက်ရှိ KIO အဖွဲ့၏ ဥက္ကဌနှင့် ဒုဥက္ကဌဆိုသူများမှာ ရုပ်ပြသက်သက်သာဖြစ်နေရပြီး အဓိကအားဖြင့် ဦးအင်ဘန်လမှ ကြီးစိုး ချယ်လှယ်နေကာ အဖွဲ့အစည်းပိုင်ငွေကြေးကိစ္စရပ်အ၀၀ကို ၄င်းစိတ်တိုင်းကျ စီမံခန့်ခွဲသုံးစွဲလျက်ရှိသည်။ ဦးအင်ဘန်လသည် ယခုလက်ရှိ KIO အဖွဲ့အတွက် အဆုံးအဖြတ်ပေးရမဲ့ အရေးကြီးဆုံးအချိန်မှာ မည်သည့် အကြံဥာဏ်မှ မပေးနိုင်ပဲ ကျန်းမာရေးကိုအကြောင်းပြပြီး နိုင်ငံရပ်ခြားသို့ သွားရောက်တိမ်းရှောင် နေပါသည်။ KIO အဖွဲ့အတွင်း ဥက္ကဌ ဦးဇောင်းခရား နှင့် ဒုဥက္ကဌ ဦးဂေါ်ရီဇော်ဆိုင်းတို့ သြဇာကျဆင်းနေသည့်အချိန်ဖြစ်နေပြီး တပ်ဖွဲ့ ၀င်များကို ဆက်လက်ထိန်းသိမ်းရန် အင်အားမရှိဖြစ်နေရရှာသည်။

KIA တွင် အစဉ်အလာမရှိသည့် ဗိုလ်ချုပ် ဂမ်ရှောင်အဖွဲ့ မှ သဘောထားတင်းမာနေပြီး KIO လူကြီးများနှင့် သဘောကွဲလွဲလျက်ရှိကြောင်း ဗိုလ်ချုပ် ဂမ်ရှောင် သည် တဇွတ်ထိုးလုပ်တက်ပြီး မူးယစ်ဆေးဝါးလုပ်ငန်းများ နှင့်လည်း မကင်းသူအဖြစ် လိုင်ဇာတွင်သတင်းကြီးနေသူဖြစ်ပါသည်။ KIO ထိပ်ပိုင်းခေါင်းဆောင်အများစုအနေဖြင့် တရုတ်နယ်စပ်လိုင်ဇာဒေသတွင် မနေထိုင်လိုကြဘဲ မြစ်ကြီးနားမြို့ပေါ်တွင်သာ နေထိုင်လိုတဲ့ ဆန္ဒရှိနေကြပါသည်။ အချို့ KIO ခေါင်းဆောင်ပိုင်းသည် KIA မှ နှုတ်ထွက်ပြီး နိုင်ငံရေးပါတီတစ်ရပ်အဖြစ် အသွင်ပြောင်းထားသည့် ပုဂ္ဂိုလ်များလည်းရှိနေပါသည်။

KIA စစ်ြပင်ဆင်မှုနှင့်ပတ်သက်၍ ``၁၉၈၉ နောက်ပိုင်း ဝေးလံသည့်အတွင်းပိုင်းဒေသများအထိ လွယ်ကူစွာသွားလာနိုင်ပြီဖြစ်နေသည့်အတွက်ကြောင့် ယခင်တစ်ချိန်ကလို ပြောက်ကျားစစ်ကြာရှည်စွာ ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း၊ လက်အောက်ငယ်သားများမှာလည်း မြို့ပေါ်တွင် အေးဆေးစွာနေထိုင်လိုသူ များပြားသဖြင့် ရေရှည်စစ်ပြန်လည် ဆင်နွှဲရန်မဖြစ်နိုင်ကြောင်း´´ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်များက သုံးသပ်ထားပါသည်။ တရုတ်ဘက်ကလည်း ၄င်း၏နယ်စပ်တလျှောက်မှာ မတည်ငြိမ်မှု ပြန်ဖြစ်လာမှာကို စိုးရိမ်နေပြီး KIO အတွက် နေရာမပေးနိုင်ကြောင်း၊ ကချင်ပြည်နယ်အတွင်း တရုတ်၏ရင်းနှီးမြှပ်နှံမှုများ ရှိနေသဖြင့် KIA အား စစ်ရေးအထောက်အကူမပြုနိုင်ကြောင်း KIO သို့ တရုတ်မှ ဖိအားပေးလျက်ရှိပါသည်။

ကချင်ပြည်လူထု နဲ့ ကချင်အတိုင်ပင်ခံခေါင်းဆောင်များက KIO အဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် မြင်လိုကြပြီး ကချင်ပြည် တည်ငြိမ်အေးချမ်းရေးကိုသာ လိုလားကြသည်။ သေနတ်သံများတစ်ဖန် ပြန်လည်ကြားရမည်ဆိုလျှင် လက်ရှိ KIA ခေါင်းဆောင်ပိုင်းတွင် စစ်ပွဲကို ဦးဆောင်မည့် ခေါင်းဆောင်မရှိဘဲ လက်အောက်ငယ်သားအချို့ စစ်မတိုက်လိုမှုတွေကြောင့် ထွက်ပြေးမှုများနှင့်သာ ရင်ဆိုင်ရဖွယ်ရှိနေပါသည်။


GMAIL မှတဆင့်ပေးပို့လာသူအား ကျေးဇူးတင်လျှက်

No comments:

Post a Comment