Thursday, November 17, 2011

NLD ဆုံးဖြတ်ချက်... မတိုင်ခင် ဖတ်ဖို့

ပါတီမှတ်ပုံတင်သင့်/မတင်သင့်ကိစ္စနှင့်ပတ်သက်၍ အလေးထားကြရမည့်

NLD ဆုံးဖြတ်ချက်၊ ဝေဖန်ထောက်ပြချက်နှင့်

လမ်းညွှန်မှာကြားချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင် ပါဝင်သည့် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော အချက် (၁၂) ချက်

၁။ နိုင်ငံတော်၏ အခြေခံမူများ၌ `နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်´ ဟု ချမှတ်ထားခြင်း၊

၂။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းများတွင် `စစ်ရေးအမြင် ရှိရမည်´ ဟူသော အချက်ကို ထည့်သွင်းထားခြင်း၊

၃။ ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား (၂၅) ရာခိုင်နှုန်းပါဝင်နေ ခြင်း၊

၎။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရပါက၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သား ကိုယ်စားလှယ်များကိုမူ အငြိမ်းစားယူရန် သို့မဟုတ် နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း၊

၅။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူရခြင်း၊

၆။ ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါတပ်မတော်သားဝန်ကြီး၊ ဒုတိယ၀န်ကြီးတို့နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ခြင်း၊

၇။ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား များ ပါဝင်ခြေင်း၊

၈။ အမျိုးသားကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁၁) ဦးဖြင့် ဖွဲ့စည်းထားရာ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊ စုစုပေါင်း (၆) ဦးတို့ဖြင့် အများစုမဲ (Majority Vote) ကို တပါတည်း ရယူထားခြင်း၊

၉။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

၁၀။ တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်း၊

၁၁။ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း၊

၁၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရနိုင်အောင် သတ်မှတ်ထားခြင်း၊

စသည်တို့ဖြင့် `အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်´ ဟူသော ဒီမိုကရေစီမူ များနှင့် ညီညွှတ်ခြင်းမရှိဘဲ ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။

(`၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၄/၀၃/၀၈´ မှ ...)

ရွှေဂုံတိုင်ကြေညာစာတမ်းက အဓိကကိုင်စွဲထားသော အချက် (၄) ချက်

၁။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး။

၃။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး။

၎။ တွေ့ဆုံဆွေးနွေးရေး။

(၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော “ရွှေဂုံတိုင်ကြေညာ စာတမ်း” မှ …)

ပါတီမှတ်ပုံ ပြန်တင်သင့်/မတင်သင့်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် (၆) ရပ်

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လုံးဝလက်မခံနိုင်။ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရ မည်။

၂။ တရားမျှတမှုမရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။

၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။

၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက်၊ လက်မခံ။

၅။ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်။

၆။ အဖွဲ့ချုပ်ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

(၂၉-၃-၂၀၁၀ ရက်နေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ ဦးဥာဏ်ဝင်းမှ တဆင့်ပေးပို့သော မှာကြားချက်မှ ...)

ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းပြီး

ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေး လုပ်ငန်းကို ဆောင်ရွက်ရန်

NLD ၏ တောင်းဆိုအကြံပြုချက်

အတင်းအဓမ္မ အတည်ပြုထားသော ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုကြီးက လက်မခံနိုင်ကြ ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် တိုင်းပြည်၏ အသက်သွေးကြောဖြစ်ပါသည်။ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ချို့ယွင်းချက်၊ အားနည်းချက်များရှိပြီး အများပြည်သူ ယုံကြည်လက်ခံနိုင်ခြင်းမရှိပါလျှင် မည်သို့မျှ နိုင်ငံတည်ငြိမ်မှုရှိမည် မဟုတ်ကြောင်းကို အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတနိုင်ငံ၏ လောလောဆယ် ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေ က သင်ခန်းစာပေးပြီး ဖြစ်ပါသည်။ နိုင်ငံရေးစနစ်တခုအပေါ်တွင် အခြား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများသည် တည်မှီနေပါသည်။ သို့ပါ၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် ပြည်သူလူထုအများစု လက်ခံနိုင် သော ဖွဲ့စည်းပုံအခြေခံဥပဒေ တခုပေါ်ပေါက်ရေးအတွက် အောက်ပါအချက်များကို အာဏာပိုင်များက ဆောင်ရွက်ပေးပါ ရန် အကြံပြုလိုက်ပါသည်။

(၁) အာဏာပိုင်တို့က ၎င်းတို့ကိုယ်တိုင် ပြဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ နှင့်အညီ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန်၊

(၂) ယင်းပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်း ပေးရန်၊

(၃) ဤကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးလုပ်ငန်းကို (၆) လအတွင်း အပြီးဆောင် ရွက်ရန်၊

တို့ကို အာဏာပိုင်တို့က စီမံဆောင်ရွက်ပေးနိုင်ရန် အကြံပြုပါသည်။

သို့မှသာ အာဏာပိုင်တို့သည် မိမိတို့ပြဌာန်းထားသည့် ဥပဒေ၊ ထုတ်ပြန်ထားသည့် ကြေညာချက်၊ ပြောကြား ထားသည့် ကတိစကားများကို လေးစားလိုက်နာရာကျပါမည်။ ကုလသမဂ္ဂအထွေထွေညီလာခံအသီးသီး၏ ဆုံးဖြတ်ချက် ဖြစ်သော "၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရေး" နှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်၊ တောင်းဆိုချက်များဖြစ်သော "နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး (all inclusive) ပါဝင်ခွင့်ရှိရမည်" ဟူသော အချက်တို့ကိုလည်း အာဏာပိုင်တို့က တနည်းနည်းဖြင့် အကောင်အထည်ဖော်ပေးရာကျပါမည်။

(၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် - ၁၈/၀၉/၀၈ မှ ကောက်နုတ်ချက်)

ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရေးကို NLD ဘက်မှအထူးကိစ္စတရပ်အနေဖြင့် ထည့်သွင်းစဉ်းစားနိုင်ရန်

စစ်အစိုးက မဖြစ်မနေဆောင်ရွက်ပေးရမည့် အချက်(၃)ချက်

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထား သည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်၊ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူ လူထုနှင့် တသားတည်းရှိနေမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲ ကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက ...

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊

(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊

(၃)အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး ရည်မျှော်၍ ပေါ် ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသောဥပဒေတို့ကို လေ့လာပြီး အထူး ကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

(၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ "ရွှေဂုံတိုင်ကြေညာစာတမ်း" မှ ကောက်နုတ် ချက်)

No comments:

Post a Comment