မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်
           သတင်းထုတ်ပြန်ချက်
            ရက်စွဲ။  ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
           နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ငြိမ်းချမ်းစွာ  ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း  နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့)  အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု  စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက်  စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော  မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ  ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည်  နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။
           နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့်  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည်  မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို  ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း  ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား  ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ  ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့်  အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊  သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ  ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ  တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ  နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော  အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ်  ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင်  ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့်  နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။
           မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင်  အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက်   လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ  ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား  ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ  အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင်  နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး  ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း  ပယ်ဖျက်ပေးရမည်ဖြစ်သည်။ 
           အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို  လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း  ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား  အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊  တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို  အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန်  ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့်  ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့်  နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင်  အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ  မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့်  လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။
           မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်  စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက်  အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးတွင်ပါဝင်သူများနှင့်  ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး  လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု  ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီအနေဖြင့် ဒီမိုကရေစီရေးနှင့်  အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့်  ထောင်သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု  သတ်မှတ်ပါသည်။
          
           Download > အချက်အလက် အပြည်အစုံ.pdf
           နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
            ဆက်သွယ်ရန်
            ကိုတိတ်နိုင် (အတွင်းရေးမှူး)  +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
            ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃
AAPP ၀က်ဘ်ဆိုက်မှ......