Friday, May 27, 2011

ရွေးကောက်ပွဲရှိတိုင်းလည်း ဒီမိုကရေစီမရှိဟု ဒေါ်စုပြော


မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၂၇၊ ၂၀၁၁

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ တွေ့ဆုံပွဲ၊ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့သည်။

ထိုပွဲသို့ NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှူဆောင်များလည်း တက်ရောက်ကြပြီး မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီပါတီဝင် မဟုတ်သူများ အပါအ၀င် ထောင်မှ လွတ်လာသူ အားလုံးကို ကြိုဆိုကြောင်း၊ အသက်အရွယ်အားဖြင့် ၂၀ ကျော်မှ ၈၀ ကျော်အထိ ရှိကြသဖြင့် မျိုးဆက် တဆက်မက ပါဝင်ကြောင်း၊ အကျဉ်းကျရခြင်းအကြောင်းမှာ နိုင်ငံရေး ခံယူချက်ကြောင့်ဖြစ်ပြီး ဂုဏ်သိက္ခာ၊ မာနကို ခံယူချက် ရပ်တည်ချက်ကို ထိန်းသိမ်းပြီး အကျဉ်းအကျပ်ထဲ နေထိုင်ဖြတ်သန်းခဲ့ရသည့် အတွက် ဂုဏ်ယူပါကြောင်း၊ လွတ်လာသည့် သူများနှင့် တွေ့ဆုံရေးအတွက် ယနေ့ကို ရွေးခြင်းမှာ တိုက်ဆိုင်မှု သက်သက် မဟုတ်ကြောင်း၊ အခြားသော အကြောင်းကြောင်းများကြောင့် ကြိုဆိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။

၉၀ ရွေးကောက်ပွဲကို သမိုင်းမှာ ကျန်ရစ်ခဲ့ပြီဟု တချို့က ပြောကြသည်ကို သူ သဘော မတူကြောင်း ၉၀ ရွေးကောက်ပွဲသည် သမိုင်းတင်ခဲ့သည်၊ သမိုင်း ၀င်ခဲ့သည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကပင် ရွေးကောက်ပွဲတွင် အစိုးရက ပေးခဲ့သည့် ကတိတွေကိုမတည်ခဲ့သည့် အဖြစ်၊ ထိုအဖြစ်သည် အန်အယ်ဒီကို အာဏာမပေးခြင်းကြောင့် ပြောဆိုခြင်း မဟုတ်ပဲ ပြည်သူလူထုကို ပေးခဲ့သည့် ကတိ မတည်၍ ပြောနေရခြင်း ဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိသည်ဟု မဆိုနိုင်ဘဲ ဒီမိုကရေစီမရှိသည့် နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲ ရှိနေသည့် အဖြစ်ကိုထောက်ပြခဲ့သည်။ တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိလျင် ဒီမိုကရေစီ မရှိနိုင်ကြောင်းလည်း ထောက်ပြ ပြောဆိုခဲ့သည်။

ယနေ့ ကျင်းပသည့်ပွဲသို့ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ သာမက NLD ပါတီဝင်နှင့် အခြား စိတ်ဝင်စားသူ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ယနေ့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂၁ နှစ်ပြည့် အခမ်းအနားသို့ မိဘဖြစ်သူနှင့် လိုက်လာသည့် ခလေးငယ်တဦး
ယနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ၉၀ ရွေးကောက်ပွဲ နှစ်လည် အခမ်းအနားနှင့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ ဦးတင်ဦး အမှာစကားပြောကြားစဉ်

မိုးမခ မှကူးယူဖေါ်ပြပါသည်။

ဖိုးရှုပ်လေး

No comments:

Post a Comment