Sunday, August 14, 2011

ဖြေပေးပါ ဆရာ


ဆရာ
ဆရာက ဆရာပါဆရာရယ်
သို့ပေမယ့်
၁၀ ရက်ထဲ တက်ရတဲ့
အဝေးသင်ကျောင်းသားဘဝ
ဆရာ့အတွက်
အမှတ်တရတွေပေးခဲ့တဲ့ ကျနော်

စစ်အာဏာရှင်လက်အောက်
ကျနော်လိုကျောင်းသားတယောက်ကြောင့်
အခက်တွေ့ ရတဲ့ ဆရာ
ဖြေရခက်တဲ့ မေးခွန်းတွေ
မေးတဲ့ ကျနော်
ကျနော်မှားလား
ဆရာမှားလား ဆရာ

ကျောက်သင်ပုန်း
အစိမ်းရောင်ပေါ်က
ဘယ်သူရေးမှန်းမသိတဲ့
ငါဟဲ့ Philo ကျောင်းသားဆိုတဲ့ ကဗျာ
ကို ရင်ခုန်မိတဲ့ ကျနော်
ကျနော်မှားလား
ဆရာမှားလား ဆရာ

လူ့ အခွင့် အရေးနေ့မှာ
အဖြူရောင်ဝတ်ဖို့ လိုက်ပြောမိတဲ့ ကျနော်
ကျနော်မှားလား
ဆရာမှားလား ဆရာ

ကျောင်းဝင်းထဲက
ဂစ်တာမတီးရ ဆိုင်းဘုတ်လေးအောက်မှာ
ဟုတ်ကဲ့ လို့ရေးမိတဲ့ ကျနော်
ကျနော်မှားလား
ဆရာမှားလား ဆရာ

မှားတာတော့ မှားနေတာ
အမှန်ပဲဆရာ
ဆရာနဲ့ ကျနော်မဟုတ်ရင်
တယောက်ယောက်ပဲ ဆရာ
အရင်က အခက်တွေ့နေရင်
တမလွန်က ဖြေပေးပါဆရာ။ ။

မှတ်ချက်။ ။ ဒဿနဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ပြီ ဆိုတာတွေ့ လိုက်ရလို့ ချင်ချင်းတန်းရေးလိုက်ပါတယ်။ အဲတုန်းကတော့ ဆရာကကျနော့်ကို ဘယ်လိုကောင်ထင်လဲ မသိဘူး။ ကျနော်ကတော့ ဆရာနဲ့ တော်တော် အတိုက်အခံပါ။ သို့ပေမယ့် ဆရာကတော့ ဆရာပါ။

Philo ကျောင်သားလေးဖြစ်ခဲ့သူ
ဖိုးရှုပ်လေး

No comments:

Post a Comment