Friday, April 30, 2010

အားအင်မရှိတဲ့ မြန်မာအင်တာနက်ကို သုံးစွဲသူများသတိ...

ရန်ကုန်မြို့ မှအင်တာနက်ဆိုင်များတွင် စအဖ မှ အမျိုးသမီးငယ်များအား ဆိုင် ၀န်ထမ်းပုံစံဖြင့် လာရောက်ထည့်သွင်း မြုပ်နှံထားခြင်း

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။


ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။


ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....

Mail မှပေးပို့ လာသူအားကျေးဇူးတင်လျှက် ဖိုးရှုပ်လေး

ကာတွန်းဆရာ ဟန်လေး လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ









မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးရဲ့ အနုပညာ လက်ရာတွေအတွက် Human Rights Watch အဖွဲ့ရဲ့ Hellman/Hammett ဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ဂြိုဟ်တု ရုပ်မြင်သံကြား အစီအစဉ်တွေ အတွက်လည်း မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ထင်ဟပ်တဲ့ ကာတွန်းရုပ်ပုံတွေ ရေးဆွဲပေးနေတဲ့ ကာတွန်း ဟန်လေး ဆုရရှိခဲ့တဲ့ အကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။


၂၀၁၀ အတွက် Human Rights Watch အဖွဲ့ကြီးက ဂုဏ်ပြုတဲ့ အနုပညာရှင်တွေထဲမှာ ကာတွန်းဆရာ ဟန်လေးကို Hellman/Hammett ဆုပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်တွေ့ဘ၀တွေကို ထင်ဟပ်စေတဲ့ ကာတွန်းတွေကို ရေးဆွဲခဲ့တဲ့ ကာတွန်း ဟန်လေးရဲ့ လက်ရာဟာ အနုပညာ မြောက်သလို လူ့အခွင့်အရေးအတွက် အကောင်းဆုံး ဖော်ထုတ်နိုင်သူမို့ ဒီဆုကို ထိုက်ထိုက်တန်တန် ရွေးချယ် ပေးအပ်ခဲ့တာလို့ Human Rights Watch က ဆုရွေးချယ်ရေး အဖွဲ့ရဲ့ ထိုင်းအခြေစိုက် တာဝန်ခံ ဒေးဗစ် မက်သီစင်က ပြောပါတယ်။


“ဒီဆုအတွက် ကျနော်တို့ သူ့ကို ရွေးချယ်ရတာက သူဟာ ဒီဆုအတွက် တကယ့်ကို ထိုက်တန်တဲ့သူ၊ ပြောရရင် အရသင့်ဆုံး မြန်မာ ကာတွန်းဆရာ တယောက်ပါ။ သူ့ရဲ့ ကာတွန်းတွေဟာ နိုင်ငံရေးကို သရော်တာ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေ ဖြစ်နေရုံတင် မကပါဘူး၊ တကယ့်ကို အနုပညာ မြောက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်တွေ့ ကြုံနေရတဲ့ နိုင်ငံရေးနဲ့ လူမှုရေးတွေကိုလည်း သေသေချာချာ ဖော်ပြနိုင်ပါတယ်။ သူ့အနုပညာနဲ့ ဒီလို ဖော်ပြနိုင်တာတွေကြောင့် ဒီဆုနဲ့ တကယ့်ကို ထိုက်တန်ပါတယ်။”

အခုလို နိုင်ငံတကာ အဖွဲ့ကြီးက ဂုဏ်ပြု ရွေးချယ်တာ ခံခဲ့ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ကာတွန်းဆရာ ဟန်လေးက ပြောပါတယ်။

“ကိုယ်လုပ်တဲ့ အလုပ်က လူ့အခွင့်အရေး လှုပ်ရှားမှုကို တဘက်တလမ်းက အထောက်အကူ ပြုတယ်ဆိုတော့ နည်းနည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ကို သူများက အသိအမှတ် ပြုတယ်ဆိုတော့ ၀မ်းလည်း သာတာပေါ့။ ကျနော် ထင်လည်း မထင်ထားဘူးလေ။”


သူဟာ ရန်ကုန် ပန်းချီ၊ ပန်းပု အနုပညာကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ပန်းချီပညာကို ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးအမ်တင်အေးနဲ့ ဦးဘကြည်တို့ဆီမှာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ကာတွန်းပညာကိုတော့ ငယ်စဉ်ကတည်းက ၀ါသနာပါပြီး ဖခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ကာတွန်း ရွှေမင်းသားဆီက နည်းပညာတွေ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ကာတွန်း ဟန်လေးဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကစပြီး စာနယ်ဇင်းတွေအတွက် ကြိုးကြားကြိုးကြား ကာတွန်းတွေ ရေးသားခဲ့ပေမဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်းကစပြီး ပုံမှန် ရေးဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ကာတွန်းရေးပါတယ်၊ ရှမ်းသတင်းစဉ်မှာ တင်လိုက်သေးတယ်။ ရှမ်းသတင်းစဉ်ကနေပြီး ဦးကျော်ဇံသာနဲ့တူတယ်၊ အဲဒီတုန်းက ဘီဘီစီမှာ၊ အဲဒီကာတွန်းအကြောင်း ပြောလိုက်တော့ ကျနော် တော်တော် အားရှိသွားတယ်။ ဆက်ပြီးလည်း ရေးဖြစ်လာတယ်။ နောက် ကိုသန်းလွင်ထွန်းနဲ့ တွေ့တော့ ကိုဟန်လေးတဲ့၊ ခင်ဗျား Cartoonist ဆက်လုပ်ပါဗျာတဲ့၊ အဲဒါနဲ့ ကာတွန်းဆွဲဖြစ်သွားတယ်၊ ရေးဖြစ်သွားတယ်၊ ဒီအချိန်ထိပေါ့။

“တော်တော်တော့ ခံစားရတယ်ဗျ။ ဘယ်လိုပြောမလဲ၊ ဘာမှမဟုတ်တာလေးနဲ့ကို ပြစ်မှု ကြီးကြီးကျယ်ကျယ်ကြီးတွေ သတ်မှတ်ပြီးတော့ ဖိနှိပ်နေတာ၊ စိတ်မကောင်း တော်တော်ဖြစ်တယ်။ အမှန် ကျနော့်အလုပ်က သတင်းနဲ့ ပတ်သက်နေတာကိုး။ နိုင်ငံရေးကာတွန်း ရေးစားနေတဲ့ လူတယောက်က သတင်းနဲ့ အမြဲတမ်း ပတ်သက်နေတယ်။ အဲတော့ သတင်းတွေ တက်နားထောင်လိုက်ရင် စိတ်မချမ်းသာတာချည်း၊ ဒီ ၈၈ နောက်ပိုင်း ပိုပြီးတော့ ဆိုးလာတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မင်္ဂလာယူနေတဲ့ သင်္ကြန်အချိန်မှာတောင်မှ အဲဒီလို သတင်းဆိုးတွေ ထွက်နေတယ်ဆိုတော့ ကောင်းမယ့်သတင်းတွေ ရှားသွားပြီထင်တယ်၊ ကျနော်ထင်တယ် မရှိသလောက် ဖြစ်သွားမယ်၊ ဒီအစိုးရ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင်။”

မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ရှိနေပြီး သူ အခုလို ဖော်ပြခွင့် ရတာဟာ တစိတ်တပိုင်းပဲ ရှိပါသေးတယ်လို့လည်း ပြောပါတယ်။ ကာတွန်းဆရာ ကိုဟန်လေးကို လူ့အခွင့်အရေး အဖွဲ့ကြီးက အခုလို ဂုဏ်ပြုဆု ပေးခဲ့တာဟာ ထိုက်တန်တယ်လို့လည်း မြန်မာစာပေ အနုပညာရှင် ဆရာဦးဝင်းဖေက ပြောပါတယ်။

“အလွန်ဝမ်းသာစရာ ကောင်းတယ်၊ အလွန်ထိုက်တန်တဲ့ ဆုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဟန်လေးက ကာတွန်းဆရာတယောက် အနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခြေခံ အခွင့်အရေးများနဲ့ ပတ်သက်ပြီးတော့ ကာတွန်းတွေ ရေးတဲ့အခါ အလွန်သိက္ခာရှိတဲ့၊ ကာတွန်းအနုပညာရဲ့ ထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ် အမြောက်အမြားကို ထိန်းသိမ်းပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ သိက္ခာရှိရှိရေးတဲ့ ကာတွန်းဆရာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဆုနဲ့ အလွန်ထိုက်တန်တယ်။ သူဟာ အရေအတွက်အရ လည်းကောင်း၊ အရည်အသွေးအရ လည်းကောင်း၊ တကယ် ဒီဆုနဲ့ သင့်လျော်တဲ့ ကာတွန်းဆရာတယောက် ဖြစ်ပါတယ်။”

၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ်။


VOA မှ April 29, 2010

Sunday, April 25, 2010

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့

ပြည်တွင်း လူမှုရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖြစ် မဲအများဆုံး ရွေးချယ်ခံရသူ ဆန်ကာတင် ၅ဦးထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ပြည်သူ့ဂုဏ်ရည်ဆုရှင် ချီးမြှင့်ခံရတဲ့အတွက် www.humanright-myanmar.com မှ လေးစားဂုဏ်ယူပါသည်။

ဦးကျော်သူအား ဆက်လတ်အားပေးသွားကြမည်ဖြစ်ပါသည်။
ပြည်သူများရဲ့အားပေးမှုကို facebook မှာ အခုလို တုံ့ပြန်ပေးထားပါတယ်။ အားပေးမှုများသည်.. ကျွန်တော့်အတွက်အားဆေးများ သောက်ရသလိုခံစားရပါတယ်။ ရှေ့ဆက်ပြီးပြည်သူ့ အတွက်ပေးဆပ်သွားရန် အသင့်ပါ။ ကျွန်တော်ရဲ့  လိပ်စာက..(၇)မိုင်၊ ပြည်သူ့ လမ်း.. ဒါကြောင့်..(၇)ရက်သားသမီးပြည်သူလူထု ကိုပေးဆပ်မည့် ..ကျော်သူ.. ဆိုတဲ့လူသားတစ်ယောက်သာ ထာဝရဖြစ်နေတော့မည်။


နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများအနေဖြင့် အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါနိုင်ပါသည်။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

Saturday, April 24, 2010

ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်



သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။ လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
>>>>> မကြောက်တရားလက်နတ်

>>>>> သွေးစည်းညီညွှတ်ရေးလက်နတ်

>>>>> စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တခုတည်းချမှတ်၊ ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နတ်

ဘဘဦးဝင်းတင် ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်ဟာ ဘယ်တော့မှ မပျောက်သွားဖူး။ ယခုဓါတ်ပုံကို ဖော်ပြချင်သဖြင့် ၁၂ ရက်၊ မတ်လ ၂၀၁၀ခုနှစ်မှာ မွေးနေ့ကျရောက်ခဲ့စဉ် ဘဘ ဦးဝင်းတင် ရဲ့ ရှစ်ဆယ်နှစ်ပြည့် စကားသဝဏ်ထဲမှ စာသားနှင့်ပူးတွဲဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

Thursday, April 22, 2010

Generation Wave ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ဆောင်........




ကျနော်တို့  Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) သည် နအဖ စစ်အစိုးရ၏ တဖက်သတ်ရေးဆွဲထားသော အခြေခံမှုများနှင့်
တရားမမျှတသော ရွေးကောက်ပွဲကို ဆန့် ကျင်လျှက်ရှိနေပီး ယနေ့ ဧပြီလ၊ ၈ - ၉ ရက်နေ့ ၊ ၂၀၁၀ခုနစ်တွင် မကွေးတိုင်း၊ မင်းဘူးမြို့ နယ်ရှိ

မန်းရွှေစက်တော်ဘုရားပွဲအတွင်းတွင် “စစ်အာဏာရှင်၏ တရားမမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာတမ်းပါ စာရွက်စာတမ်းများကို

ဖြန့် ကျဲခဲ့ ပါသည်။ ပြည်သူလူထုတရပ်လုံးနှင့်လူငယ်များ အနေဖြင့် လည်း နအဖ စစ်အစိုးရ၏ တရားမမျှတသောရွေးကောက်ပွဲနှင့်

မတရားဖိနှိပ်နေမှု့ များအား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အတူပူးပေါင်း ဆန့် ကျင်၍ အရှိန်မြှင့် လှုပ်ရှားမှု့ များတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက်

တိုက်တွန်းနှိုးဆော်လိုက်ပါသည်..

“စစ်အာဏာရှင်၏ တရားမမျှတသော၂၀၁၀ ရွေးကောက်ပွဲကိုဆန့် ကျင်ကြ”


Our organization Generation Wave firmly opposes the Constitution Law prejudiced by the military regime and the unjust 2010 Election, and we carried out the Pamphlets Campaign mentioning " Oppose Unjust 2010 Election to be held by the Military Regime" at the Man-Shwe-Sattawya Pagoda festival in Minbu, Magway Division on 8-9th April,2010.Hence, we highly encourage all the people and the young in Myanmar to collaborate with us in activities to go against the exercise of oppressive power of the military government and the unjust election.

" Oppose Unjust 2010 Election to be held by the Military Regime"

Wednesday, April 21, 2010

ယတြာဗုံးနဲ့ သင်္ကြန်အမြောက်


“ဒီနှစ်တော့ ရန်ကုန်သင်္ကြန် စည်မှာ မဟုတ်ဘူး” ပြောနေကြ သူတွေ ဖျားသွားသည်။ ထိုသို့ ဖျားသွားသူ များထဲတွင် ဒေဝါလီ မဂ္ဂဇင်းလည်း ပါသည်။ ဒေဝါလီ မဂ္ဂဇင်းက ရန်ကုန် သင်္ကြန် မစည်ဟု ပြောသူထဲတွင် ထိပ်ဆုံး မဟုတ်လား။ နောက်ထပ် ဖျားသူ ကတော့ ဦးရုက္ခစိုးဖြစ်သည်။ နေပူပူတွင် ချင်းမိုင်ကျုံးရေ ရေခဲစိမ်ဖြင့် အပက်ခံရသောကြောင့် နှာတချေချေ ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟတ် ….. ဟတ် …. ဟတ်ချိုး။

ချိုကုပ်။ ။ ဝက်တုပ်ကွေးများလား ဦးရုက္ခစိုးရယ်။ ဒီလောက်ဖြစ်နေလည်း ချင်းမိုင်မှာပဲ အေးအေး နေပါတော့လား။ ဘာလို့ ရန်ကုန် လာနေလဲ။

ကန်တော်ကြီးစောင်း တနေရာတွင် မိန့်မိန့်ကြီးပြုံး၍ ဗုံး ၃ လုံးကွဲထားသော နေရာကို ကြည့်နေသည့် ချိုကုပ်ဒူးကြီးနှင့် ဦးရုက္ခစိုးတို့ အချီအချ ပြောနေကြခြင်း ဖြစ်သည်။

ရုက္ခစိုး။ ။ ဝက်တုပ်ကွေး မဟုတ်ပါဘူးဗျာ။ ချင်းမိုင်သင်္ကြန်မှာ ဖိုးရှုပ်တို့ ကြွက်စုတ်တို့နဲ့ တရက်ပါသွားမိလို့ပါ။ ရန်ကုန် လာရတဲ့ အကြောင်းရင်းကတော့ အကြတ်နေ့ ဗုံးကွဲတဲ့ ကိစ္စ သိချင်လို့ ဆိုပါတော့။

ချိုကုပ်။ ။ ဒေဝါလီမဂ္ဂဇင်းက ပြောထားသမျှ ပြောင်းပြန်ဖြစ်သွားပြီ ဟီဟိ။ ရန်ကုန် သင်္ကြန် မစည်ဘူးဆို။ ရန်ကုန် သင်္ကြန် စည်ရုံတင်မကဘူး တခါတည်း ကမ္ဘာက ချက်ချင်းစိတ်ဝင်စားသွားတာ တွေ့ပြီမဟုတ်လား။

ရုက္ခစိုး။ ။ တော်တော် ဆိုးတာပဲဗျာ။ ဘယ်သူကများ လုပ်တာလဲ။ ချိုကုပ်ဒူးကြီး မသိဘူးလား။

ချိုကုပ်။ ။ မသိဘဲ ဘယ်နေမလဲဗျ။ ဒါမျိုး ဘယ်သူက လုပ်မှာလဲ စဉ်းစားကြည့် … ပြည်ပအားကိုး ပုဆိန်ရိုးတွေပဲ ဖြစ်မှာပေါ့။

ရုက္ခစိုး။ ။ ခင်ဗျား သတင်းစာထဲကနေ စွပ်စွဲတဲ့ သူတွေဆီမှာ ဒီလောက် လက်နက် ကိရိယာ ရှိပါ့မလားဗျာ။ သူတို့ မှာလည်း ဖန်ဒင်တွေ အဖြတ်ခံရလို့ မွဲနေရှာတာပါ။ တတ်နိုင်မယ် မထင်ပါဘူး။ ထစ်ခနဲရှိ သူတို့ကိုပဲ စွပ်စွဲနေသလို ဖြစ်နေပြီ။

ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း၊ သူတို့ကို ကျုပ်က မစွပ်စွဲရင် သူတို့က ကျုပ်ကို စွပ်စွဲမှာပေါ့။ ဒီလိုပဲ ဦးအောင် ရမ်းရတာပဲ။

ရုက္ခစိုး။ ။ မဟုတ်သေးဘူးလေ။ ကျုပ်ပြောတာက … စွပ်စွဲတာကို ပြောနေတာမဟုတ်ဘူး။ တကယ် ခွဲတဲ့သူ ဘယ်သူလဲ ဆိုတာ သိချင်တာ။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးရယ် ခက်နေပြန်ပါပြီ။ ရမ်းပါတယ်ဆိုမှ။

ချိုကုပ်ဒူးကြီး စကားမဆုံးခင် ထိုနေရာသို့ မိန်းမတယောက် ပျာယီးပျာယာဖြင့် ရောက်လာသည်။ သူ့ပုံစံကြည့်ရသည်မှာ ထဘီမနိုင် ပုဝါမနိုင်နှင့် အရူးမီးဝိုင်းနေပုံရသည်။ တခြားသူမဟုတ် ချိုကုပ်ဒူးကြီး ကတော် ဒေါ်ကွိုင်ကွိုင်ဖြစ်သည်။

ကွိုင်ကွိုင်။ ။ မောင်တော်၊ အောင်မလေး မောင်တော်ရဲ့ …။ မောင်တော် ကယ်ပါ၊ ကယ်ပါ မောင်တော်။

ချိုကုပ်။ ။ ဘယ်လိုဖြစ်လာတာလဲ နှမတော်ရယ်။

ကွိုင်ကွိုင်။ ။ နှမတော် ယတြာ အချေကောင်းတာ မြေးတော်လေး အသက်တော်နဲ့ သီသီလေးပဲ လိုတော့တယ် မောင်တော်ရဲ့။

ချိုကုပ်။ ။ ဘယ်လို ဘယ်လို။ နှမတော်က ဘယ်လိုများ ယတြာတွေ ချေလိုက်လို့လဲ။

ကွိုင်ကွိုင်။ ။ ဘယ်လိုမှ မဟုတ်ပါဘူး ဗုံးလေး ခွဲရုံလေးပါ။ ခွဲတာလည်း ရတနာ ၃ ပါး ဦးထိပ်ထားပြီး ၃ လုံးတည်း ခွဲတာပါ။ လူတွေက ချဲ့ကားပြီး ရုတ်ရုတ်ရုတ်ရုတ် လုပ်ကြတာ။

ချိုကုပ်။ ။ နေပါဦး နှမတော်ရဲ့ … မြေးတော် မျောက်လောင်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ။

ကွိုင်ကွိုင်။ ။ အဲဒီနေ့က မြေးတော်လေးက နေပြည်တော်သွားမယ်လို့ ပြောထားလို့ ရန်ကုန်မှာ ခွဲလိုက်တာ။ မြေးတော် မျောက်လောင်းက စိတ်ပြောင်းပြီး လိပ်ခေါင်း … အဲ ယောင်လို့ … စိတ်ပြောင်းပြီး တေဂွသားတွေ ငှားထားတဲ့ သြစတြေးလျက အဝှာမလေးတွေနဲ့ အဲဇလုံမှာ ကဲမယ်ဆိုပြီး ဖြစ်သွားတာကိုး။ နှမတော်က မသိလိုက်ဘဲ ယတြာချေလိုက်မိတာ။ ကံကောင်းလို့ ကံတော်ကြီးစောင်းက ဗုံးဆံက အင်းလျားထိ မလွင့်တာနော်။ အောင်မလေး ဘုရားဘုရား … ခုထိ ရင်တုန်တုန်းပဲ။

“သူ့ အမျိုးကျ သိတတ်လိုက်တာ” ဟု ဦးရုက္ခစိုးက စဉ်းစားနေသည်။

ချိုကုပ်။ ။ ဖြစ်ရလေ ကွိုင်ကွိုင်ရယ်။ ဘာအတွက်များ ယတြာချေတာလဲ။ မောင်တော်လည်း မသိရပါလား။

ကွိုင်ကွိုင်။ ။ မောင်တော်ပဲ ဆူဒန်သမ္မတကို ရွေးကောက်ပွဲမှာ နိုင်စေချင်တယ်ဆို။ သူနိုင်ရင် မောင်တော်လည်း အလိုလို တပ်ချုပ်ကြီးလုပ်ပြီး ဆက်အုပ်ချုပ်ရုံပဲဆို။ အဲဒါကြောင့် ယတြာချေပေးတာလေ။

ရုက္ခစိုး။ ။ ဟင် … ဆူဒန်ရွေးကောက်ပွဲအတွက် ယတြာချေပေးတယ် ဟုတ်လား။

ကွိုင်ကွိုင်။ ။ ဟုတ်တယ်လေ၊ ဘာလဲ သူများကို အပြစ်တင်မလို့လား၊ လူလေး ၁၀ ယောက်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်မနေနဲ့။ မောင်တော် အာဏာတည်မြဲရေး တို့အရေးပဲ။

ဦးရုက္ခစိုးကို ဒေါ်ကွိုင်ကွိုင်က နှုတ်သီးကောင်းလျှာပါး ရန်တွေ့လိုက်သည်။ ထိုစဉ် “ဒိုင်း” ဆိုသည့် သေနတ်သံ တသံ ကြားလိုက်ရပြီး သူတို့ရပ်နေရာ နေရာနား၌ ခိုတကောင် ပြုတ်ကျလာသည်။ ချိုကုပ်ဒူးကြီးက လက်ထဲက သေနတ်ဖြင့် မကြည့်ဘဲ ပစ်ချလိုက်ခြင်း ဖြစ်သည်။ ခို၏ ခြေထောက်တွင် စာတစောင်ချည်ထားသည်ကို တွေ့လိုက်သည်။

“မိတ်ဆွေ ချိုကုပ်။ မိတ်ဆွေ၏ ယတြာကြောင့် ကျွန်ုပ် ရွေးကောက်ပွဲတွင် အနိုင်ရကာ သမ္မတ ဆက်လုပ်နိုင်ပြီ။ ကျွန်ုပ်ကဲ့သို့ နိုင်ငံတကာက အမြင်ကတ်၊ လူတကာကို နှိပ်စက်သဖြင့် စစ်ခုံရုံးအတင်ခံနေရသူပင် ရွေးကောက်ပွဲကြီးကို နိုင်သည်ဆိုလျှင် ကျွန်ုပ်၏ ခြေဖျားမီအောင် အမြင်ကတ် မခံရသူ မိတ်ဆွေအနေနှင့် အလွယ်တကူ နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲဟု ကျွန်ုပ် ယုံကြည်ပါသည်။ အရေးကြီးသည်က ယတြာကောင်းရန်နှင့် အစွမ်းကုန် ကလိန်ကကျစ် ကျရန်ဖြစ်သည်။ ရွေးကောက်ပွဲ တရားမဝင်ဟု သင်္ကြန်အမြောက် ဖောက်သူများကို တကယ့်အမြောက်ဆံထည့်ပြီး ပစ်ပြလိုက်ပါ။ မိတ်ဆွေကို အထူး ကျေးဇူး တင်ပါသည်။ မိတ်ဆွေအလှည့်တွင်လည်း ကျွန်ုပ် အစွမ်းကုန် ကူညီမည်။ ပုံ - ရှာမှရှားသည့် မောင်ဘရှား (ဆူဒန်သမ္မတ အသစ်စက်စက်၊ အဟောင်းလည်း ကျွန်ုပ်ပဲ)” ဟူ၍ စာတွင်ရေးထားသည်။ ချိုကုပ်ဒူးကြီးက မျက်နှာပိုး မသတ်နိုင်ဘဲ ပြုံးစိစိ လုပ်နေသည်။

ချိုကုပ်။ ။ ကိစ္စတော့ပြီးပြီ ဦးရုက္ခစိုးရေ၊ ကျုပ်ပဲ ကျန်တော့တယ်။ ကျုပ်လည်း သူ့လိုပဲ လုပ်မှာပဲ ဟဲဟဲ။ အဆွေတော်ကတော့ အားကိုးရတယ်ဗျာ။

ရုက္ခစိုး။ ။ ဗုံး တရားခံက ခုမှပဲ တွေ့တာပေါ့နော်။

ချိုကုပ်။ ။ နေဦး နေဦး။ အဲဒီလို လက်လွတ်စပယ် မပြောနဲ့ဦး။ တရားခံက ရှာရဦးမှာ။

ရုက္ခစိုး။ ။ တွေ့ပြီလေ၊ ခင်ဗျားမိန်းမပဲဟာ။

ချိုကုပ်။ ။ ဘယ်ရမလဲ …ကျုပ်က အမျိုးတော့ သိတယ်ဗျ။ ငါမကောင်းရင်၊ ငါ့အကြောင်းမရေးနဲ့၊ ငါ့မိန်းမ မကောင်းရင် သူများကို တရားခံရှာ ဆိုတဲ့အတိုင်းပဲ ...။

ချိုကုပ်ဒူးကြီးက ပြောရင်းနှင့် မျက်လုံးက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ထိုစဉ် ခေါင်းငိုက်စိုက် ငိုက်စိုက်နှင့် ကိုယ်ရောင် ကိုယ်ဝါ ပျိုးပြက် တောက်ပသူ တဦး အနားကို ရောက်လာသည်။

ချိုကုပ်။ ။ ဟော … တွေ့ပြီ … ဗုံးခွဲတဲ့ တရားခံ ခင်ဗျားပဲဖြစ်မယ်။ ကိုယ်ရောင်ကိုယ်ဝါ ဒီလောက် တောက်ပနေမှတော့ … ဗုံးဝယ်စရာ ပိုက်ဆံလည်း ရှိမှာပဲ။

“ဟာ … ကျုပ် သိကြားမင်းပါဗျာ။ နတ်ပြည်ပြန်တက်မလို့ဟာ ကျုပ်စီးလာတဲ့ ကျွဲကို လိုင်စင်မဲ့ဆိုပြီး မ သွားလို့ ဘာစီးပြန်ရမှန်း မသိဖြစ်နေတာ” ဟု ကိုယ်ရောင်ကိုယ်ဝါ ပျိုးပြက်သူက မျက်နှာငယ်လေးနှင့် ဖြေလိုက်သည်။

ချိုကုပ်။ ။ နားမလည်ဘူး … ။ ခင်ဗျားက လူစိမ်းပဲ။ ခင်ဗျားကိုပဲ တရားခံ လုပ်ရမယ်။

ရုက္ခစိုး။ ။ မလုပ်ပါနဲ့ဗျာ။ သိကြားမင်းက လူ့ပြည်မှာ ဗုံးကွဲလို့ စိတ်ညစ်နေရတဲ့အထဲ။ ပြန်ခိုင်းလိုက်ပါ။

သိကြား။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ နောက်နှစ်တောင် မလာတော့ဘူးလား စဉ်းစားနေတာ။

ချိုကုပ်။ ။ သြော် … ဦးရုက္ခစိုးကပါ ရှေ့နေလိုက်တယ်ပေါ့။ ထင်ပါတယ်၊ ခင်ဗျားတို့ တကြိတ်တည်း တဉာဏ်တည်းတွေပဲ။ သေချာ စဉ်းစားလိုက်တော့ ဦးရုက္ခစိုးကလည်း ချင်းမိုင်က၊ ပြည်ပက တရားမဝင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိတယ်။ အခု သိကြားမင်း ဆိုတဲ့သူကလည်း ပြည်ပကပဲ။ စီးလာတဲ့ ကျွဲကလည်း လိုင်စင်မဲ့ … ဒီတော့ ဘာမှ စဉ်းစားစရာ မလိုဘူး။ ဖမ်းကြဟေ့ … ဖမ်းကြ။ ဗုံးခွဲတဲ့ တရားခံတွေ ဖမ်းကြ။

ချိုကုပ်ဒူးကြီးက အသံပြဲကြီးနှင့် အော်လိုက်သည်။ ဦးရုက္ခစိုးနှင့် သိကြားမင်းတို့မှာ လူသာမန်များ မဟုတ်ကြ သောကြောင့် စွမ်းအားရှင်များ၊ ကြံ့ဖွံ့များနှင့် ရဲများ မရောက်ခင်ပင် ကိုယ်ယောင်ဖျောက်ကာ ဌာနေသို့ အမြန်ဆုံး ပြန်လစ်နိုင်ခဲ့ကြသည်။

သို့ရာတွင် နောက်တနေ့ မြန်မာ့အမှောင် သတင်းစာ၌ စာလုံးမည်းကြီးများနှင့် သတင်းတပုဒ် ပါလာသည်။

“ဗုံးခွဲသည့် တရားခံ ၂ ဦးကို ချိုကုပ်ဒူးကြီးကိုယ်တိုင် တွေ့ရှိသဖြင့် အမြန်ဆုံး ဖမ်းဆီးရန် ကြိုးစားသော်လည်း အနောက်အုပ်စုနှင့် ပြည်ပြေးများ၏ ကူညီမှုကြောင့် လွတ်သွားရာ ဖမ်းဆီးနိုင်သူများကို ဆုတော်ငွေ ကျပ် ၁၀၀၀၀၀၀၀၀၀၀၀၀ တိတိ ချီးမြှင့်မည်” ဟူ၍ ဖြစ်လေတော့သည်။

ရန်ကုန်သားတာတေ Wednesday, April 21, 2010

Monday, April 19, 2010

နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်။

နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်။
စစ်ကျွန်အဖြစ်မှလွတ်မြောက်ရန် တိုက်ပွဲဝင်နေကြသော ယုံကြည်ချက် ညီအစ်ကိုတော်အပေါင်းတို့ခင်ဗျား.......

၂၀၁၀ အတာသင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူများ သေဆုံးခဲ့ပါသည်။ နအဖစစ်အစိုးရ၏ လက်အောက်ခံများ သေဆုံးခြင်းမှာ ၀မ်းနည်းဖွယ်ရာ မရှိသော်လည်း ကျွန်တော်များ ဒီမိုကရေစီဘက်တော်သား အပေါင်းတို့မှ လူသားချင်း စာနာသောအားဖြင့် ကောင်းမွန်သော ဘုံဘ၀များသို့ ရောက်ရှိစေရန် ဆုတောင်းပေးခဲ့ကြပါသည်။ သေဆုံးသွားကြကုန်သော အပြစ်မဲ့ပြည်သူ များအတွက်မူ ရင်ထဲအသည်းထဲမှ လှိုက်လှုက်လှဲလှဲ ၀မ်းနည်းကြရပါသည်။ နောက်နောင်ဘ၀များတွင်လည်း စစ်အစိုးရ၏ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းခံရသော အဖြစ်ဆိုးများမှ ကင်းဝေးကြစေရန် ဆုတောင်းမေတ္တာ ပို့သအမျှပေးဝေ ခဲ့ကြပါသည်။

ယနေ့အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေမှာ အယောက်၄၀ကျော်ပြီ ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိပါသည်။ ၁၉.၄.၂၀၁၀နေ့အထိ ရေဝေးသုဿန်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ ၁၀ဦးတိတိ ရှိပြီဖြစ်ကြောင်း၊ ထိန်ပင်သုဿန်၌ သဂြိုဟ်မှု ဦးရေမည်မျှရှိသည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဒဏ်ရာရထားသူ များမှာလည်း နောက်ထပ် သေဆုံးနိုင်ဖွယ်ရာရှိကြောင်း ကြားသိခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း ၂ နာရီ တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခဲ့သော သေဆုံးသူ လူငယ်လေးမှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ သေဆုံးသွားခြင်းဖြစ်ပါသည်။


ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ ပေးပို့လာပါသည်။

လေးစားဦးညွှတ်လျှက်

Burma paparazi

http://www.demowaiyan.co.cc/ မှကူးယူဖေါ်ပြပါသည်။

Monday, April 12, 2010

ပန်းပိတောက်တွေမပွင့်တော့တဲ့မြေ




ဒီမြေမှာခြောက်သွေ့မှုတွေနဲ့
ဒါတို့တိုင်းပြည်
သင်္ကြန်မိုးရေ
သက်ဆင်းရန်ခွင့်မသာတဲ့
ခြောက်ကပ်ကပ်တို့ရဲ့မြေ

အာခေါင်ခြောက်သွေ့
တမ်းတမွတ်သိပ်နေတဲ့
ဆန္ဒတွေခေါင်းပါးနေခဲ့တဲ့မြေ
ညစ်ထေးတဲ့မြေမှာ
နှစ်သစ်ကိုကြိုတဲ့ ပိတောက်လဲ
မပွင့်နိုင်ရှာတော့ပဲ ပူလောင်နေတဲ့မြေ

ဆိုးညစ်မှုတွေလွမ်းခြုံတဲ့ အမှောင်တွေ
မိုက်နေတဲ့မြေ
အေးချမ်းအောင်စွမ်းဆောင်ကျပါစို
တို့အဓိဌါန်မေတ္တာပို့သလိုက်တဲ့
ဒီမြေ ဒီရေ ဒီတိုင်းပြေ
နှစ်သစ်ကိုကြိုဆိုဖို့ လှမ်းထွက်ခဲ့ညီညီညာ

ကဒေါင်းတွေညင်သာနေလို့
အမိုက်မှောင်ဖုံးလေရော့သလား
သိကြားသာသနာမှာ
သောကြာတွေအတာစားလေတော့
ညာညီညီလှမ်းထွက်ရင်ဖြင့်
အိမ်နီးချင်းသူငယ်ချင်းတောင်
နိုးထပေါ့ ညီညီညာ

တို့ ဗမာ နီရောင်သွေးတွေက
ခွပ်ဒေါင်းတွေ နီရောင်ပြောင်းကာ က
သွားကျစို့ခေတ်သစ်ဆီ ညာညီညီလှမ်း


ကောင်းစုလင်း







ကဒေါင်းတွေညင်သာနေလို့ အမိုက်မှောင်ဖုံးလေရော့သလား