Thursday, October 1, 2009

စွမ်းအားရှင်များ တုတ်ရိုက် လေ့ကျင့်

ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်တွင် ယခုတလော ညပိုင်းတွင် လျှပ်စစ်မီး အမှောင်ချကာ လမ်းများပေါ်တွင် စွမ်းအားရှင်များ တုတ်ရိုက်နည်း လေ့ကျင့် နေကြောင်း သံဃာတပါးက မိန့်ဆိုသည်။

တုတ်တွေနဲ့ပေါ့။ ညဘက်ကို မီးအမှောင် ချပြီးမှပေါ့။ ရိုက်ပုံ ရိုက်နည်း၊ လုပ်ပုံ လုပ်နည်း၊ ကိုင်ပုံ ကိုင်နည်းတွေ လေ့ကျင့် နေတယ်။ ညဘက်ကို မီးတွေ ပျက်ပျက်နေတာ စွမ်းအားရှင် အဖွဲ့တွေက မီးတွေ အမှောင်ချပြီး လေ့ကျင့် နေတာ။ မြို့ထဲ တင်ပေါ့။ အဲလို ဖြစ်နေတာ'' ဟု ကြည့်မြင်တိုင် မြို့နယ် ဘုန်းကြီးကျောင်း တကျောင်းမှ ဦးဇင်းက မိန့်သည်။

အဆိုပါ စစ်အစိုးရမှ ကျောထောက် နောက်ခံပြု၍ ဖွဲ့စည်း ပေးထားသည့် စွမ်းအားရှင် အဖွဲ့မှ အဖွဲ့ဝင်တဦးကို တရက် လျှင် ကျပ် ၃၀၀၀ ပေး၍ ခေါ်ယူ လေ့ကျင့် ခိုင်းကြောင်းနှင့် သံဃာ့ လှုပ်ရှားမှုများ ပေါ်ပေါက် ခဲ့သည်ရှိသော် တရက် လျှင် ကျပ် ၅၀၀၀ အထိ ပေးမည်ဟု ဒေသ အာဏာပိုင်များက ပြောဆိုထားကြောင်း ဦးဇင်းက ဆက်လက် မိန့်ဆို သည်။

ထို့အပြင် ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်မြောက် နှစ်ပတ်လည် ကာလတွင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်း များအား အာဏာပိုင်များက စောင့်ကြည့် နေကြောင်းနှင့် လုံခြုံရေးများ လှည့်လည် နေကြောင်း သိရသည်။

ညတိုင်ကျရင် ဆိုင်ကယ် ၅ စီး၊ ၆ စီး ပတ်လှည့် နေတာ။ လမ်းထောင့် လမ်းထောင့်တွေမှာ အစောင့်အကြပ်တွေ ရှိတာပေါ့။ ရွှေတိဂုံဘုရား မှာတော့ လာစောင့်နေတယ် ဟု ဦးဇင်းက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းက သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ စီတန်း လမ်းလျှောက်သည့် ဆန္ဒပြပွဲများ ရန်ကုန်နှင့် မြို့ကြီးတချို့တွင် ပေါ်ပေါက်ခဲ့ရာ အာဏာပိုင်များ ပစ်ခတ် ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည်။ ထိုနှစ် စက်တင်ဘာလ ၂၆-၂၇ ရက်နေ့များတွင် ပစ်ခတ် နှိမ်နင်းရာ သံဃာနှင့် ပြည်သူ ၃၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောဆိုပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားသူများကမူ ဦးရေ ၂၀၀ ခန့် ရှိသည်ဟု ဆိုခဲ့သည်။

ထိုသို့သော သံဃာတော်များ အပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များနှင့် ဆက်လက်၍ ဖမ်းဆီး အကျဉ်းချထားမှုများ ရှိခဲ့သဖြင့် ပြည်တွင်း ပြည်ပရှိ သံဃာ့ အဖွဲ့အစည်းကြီးများက စစ်အစိုးရ အနေဖြင့် ဝန်ချ တောင်းပန်ရန်နှင့် ဖမ်းဆီး ထားသော သံဃာတော်များအား ပြန်လွှတ်ပေးရန် တောင်းဆို နေကြပြီး၊ မလိုက်လျောပါက ဆန္ဒပြပွဲများ နောက်ထပ် တကြိမ် ပြုလုပ်သွားမည်ဟု ကြေညာချက်များ မကြာသေးခင် လပိုင်းအတွင်း က ထုတ်ပြန် ထားသည်။

မျိုးကြီး

No comments:

Post a Comment