Sunday, March 28, 2010

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှားမှု စတင်ပြီ









၂၇၊ မတ်လ၊ ၂၀၁၀ တော်လှန်ရေးနေ့ည- ဆေးနီမှုတ်(စပရေး)လှုပ်ရှားမှု (မန္တလေး)
------------

ကျွန်တော်တို့ လဖစတ (AAMD) - Burma အင်အားစုမှ (စပရေး)မှုတ်ဆေးအနီတွေနဲ့
မန္တလေးမြို့ပေါ်အနှံ့ နံရံတွေပေါ် FREE, FREE Su Kyi, FREE Daw Su, FREE
2010, FREE Aung San Su Kyi, ရွေးကြက်ခြေခတ်(ရွေးကောက်ပွဲအလိုမရှိ)
အစသဖြင့် လိုက်လံရေးသားကာ ဒေါ်အောင်ဆန်းစုကြည်နှင့်
အဖမ်းဆီးခံနိုင်ငံရေးတော်လှန်ရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ၂၀၀၈
နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးရည်ရွယ်ချက်များအတွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မှုတ်ဆေးတော်လှန်ရေးဆင်နွှဲခဲ့တဲ့ မန္တလေးမြို့ပေါ် နေရာတွေကတော့
မန္တလေးတိုင်းတရားရုံးချုပ်နံရံတွေ၊ TTC (ပညာရေးကောလိပ်), နန်းရှေ့၊
ရွှေကျောင်းကြီး၊ မန္တလေးတက္ကသိုလ်အရှေ့ဘက် ၆၉ လမ်း၊ ဗောဓိကုန်း၊ ၆၂ လမ်း၊
၆၄၊ ၆၅ လမ်း သိပ္ပံလမ်း၊ မြို့သစ်၊ လမ်း ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၆၊ ၈၇ လမ်းတွေ
နဲ့ မဟာမြတ်မုနိဘုရားကြီးပတ်ဝန်းကျင်၊ ရွှေကျီးမြင်ဘုရားပတ်ဝန်းကျင်
အစသဖြင့် ၀င်းနံရံ၊ တံခါးဝ၊ အုတ်ခုံ၊ ရေကန်၊
ဓမ္မာရုံနံရံအစသဖြင့်တွေပေါ်မှာ ဆေးနီစပရေးဘူးနဲ့ လိုက်မှုတ်ရေးခဲ့ကြပါတယ်။

အလားတူဆန့်ကျင်ဆန္ဒဖော်ထုတ်မှုမျိုးတွေကို အခြားနယ်၊မြို့များမှာလည်း
မပြတ်တမ်းဆက်လက် ဆင်နွှဲကြဖို့ အလေးအနက်ထားတိုက်တွန်းလိုက်ပါတယ်ခင်ဗျား။


-------------
လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)
Activists for Abolishing the Military Dictatorship (AAMD) – Burma


လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)

Activists for Abolishing the Military Dictatorship (AAMD) Burma

ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ

(၁/၂၀၁၀)

၂၈၊ မတ်လ၊ ၂၀၁၀

ကျွန်တော်တို့အင်အားစုသည် ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအပြီး ပေါက်ဖွားလာသည်။ ခေတ်ပညာတတ်လူငယ်များ၊ ကျောင်းသားများ၊ တော်လှန်ရေး အတွေ့အကြုံရင့်လူကြီးများ၊ ရဟန်းသံဃာများနှင့် ချိတ်ဆက်စုပေါင်းထားသော အင်အားစုဖြစ်သည်။ ဗမာပြည်တွင်း အခြေစိုက်ထားသော ကျွန်တော်တို့အင်အားစုသည် ပြည်တွင်းတွင် လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အခါအားလျော်စွာဆင်နွှဲလေ့ရှိသည်။

ယနေ့ချိန်ခါသည် စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်တစ်စုနှင့် ၄င်းတို့၏ အပေါင်းအပါ တွဲဘက် လူလွန်မသားများ၏ ခြစားလိမ်ညာရက်စက်ယုတ်မာမှုများအား ဗမာပြည်သူလူထုများခင်မျာ အပြင်းထန်ဆုံးရင်ဆိုင်ခါးစည်းခံစားနေရသော ကာလဖြစ်သည်။

၂၀၀၈ နာဂစ် မတရားအခြေခံဥပဒေ အခြေပြုကာ ကျင်းပမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့အင်အားစုက အယုံအကြည်မရှိပါ။ လက်မခံပါ။ ထိုမှတစ်ဖန် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား ချောင်ပိတ်ရိုက်သလို ပြုမူထားပြန်သည့် ၂၀၁၀ ပါတီနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုလည်း ကျွန်တော်တို့အင်အားစုမှ ပျက်ရယ်ပြုရှုံ့  ချလိုက်ပါသည်။

NLD ပါတီအနေဖြင့် ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့က ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် ရွှေဂုံတိုင်ကြေညာစာတမ်းပါ ရပ်တည်ချက်များကို မိမိတို့အရှက်၊ မိမိတို့ငဲ့ကွက်၍ ဆက်လက်လေးစားကိုင်စွဲကာ ၂၀၁၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ဆုံးဖြတ်ရာ၌ "မတရားရွေးကောက်ပွဲအား ငါတို့မ၀င်" ဟု ပြတ်ပြတ်သားသားဆုံးဖြတ်ရန် လိုအပ်သည်။

ရွေးကောက်ပွဲဝင်ရေးအသံပေးနေသည့် NLD ပါတီဝင်များနှင့် တတိယအုပ်စုဝင်ဆိုသူများသည် ပါတီရပ်တည်ရေး၊ ရသလောက်ယူ-ပူးသတ်တိုက်ယူရေးကို အကြောင်းပြကာ အသံကောင်းဟစ်နေကြသော်လည်း အမှန်တကယ်မှာ ထိုသူများအနေဖြင့် စစ်အာဏာရှင်များအား ဒူးထောက်အညံ့ခံ ကြောက်ရွံ့အရှုံးပေး၊ ဘက်ပြောင်းဘက်လိုက်၊ ခြံခုန်လာဘ်မျှော်နေခြင်းမျှသာ ဖြစ်ပါသည်။

ယနေ့ချိန်ခါသည် ဗမာတစ်တိုင်းတစ်ပြည်လုံးရှိ အလွှာမျိုးစုံမှ ပြည်သူများပါဝင်သော နိုင်ငံရေး၊ တော်လှန်ရေးတိုက်ပွဲများ ပြင်းထန်စွာ ဆင်နွှဲရမည့် အချိန်အခါကျရောက်ပြီဖြစ်ပါသဖြင့် ထိုကဲ့သို့ ၂၀၁၀ ခုနှစ်၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဆန့်ကျင်တော်လှန်ရေးကြီးအား ဆင်နွှဲရာတွင် NLD ပါတီနှင့် NLD ပါတီဝင်များကလည်း ဗမာပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင် ဦးဆောင်ဆင်နွှဲပါရန် လေးစားစွာ တိုက်တွန်းအပ်သည်။ ။

လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)

Activists for Abolishing the Military Dictatorship (AAMD) Burma



ပေးပို့လာမှုကိုကျေးဇူးတင်လျှက် http://4shokelay.blogspot.com/

No comments:

Post a Comment